Home
မြန်မာသတင်း
မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ပြင်သစ်က ယူရိုငွေ ၁ သန်းဖိုးကူညီမည်
DVB
·
May 25, 2023
MOCHA-victims
Sittwe-MOCHA
France for Myanmar

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ ယူရိုငွေ ၁ သန်း တန်ဖိုးရှိတဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြင်သစ်သံရုံးက မေ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကို အင်အားပြင်းထန်တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်အပြီးမှာ လူပေါင်း ၉၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူအများအပြား သေဆုံးခဲ့ရတဲ့အတွက် ပြင်သစ်နိုင်ငံက ဝမ်းနည်းကြောင်း  ပြင်သစ်နိုင်ငံခြားရေးဌာနက မေ ၂၄ ရက်မှာထုတ်ပြန်ပါတယ်။

ပြင်သစ်နိုင်ငံက ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းပူဆွေးကြောင်း ပြောကြားခဲ့ပြီး ပျောက်ဆုံးသွားတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပျက်စီးမှု ခံစားခဲ့ရတဲ့လူ‌တွေကိုလည်း စည်းလုံးညီညွတ်မှုနဲ့အပြည့်အဝ ကူညီမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြင်သစ်နိုင်ငံဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရတဲ့ ပြည်သူတွေကို အကူအညီတွေ ပေးအပ်ဖို့လည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

မြေပြင်မှာ မရှိမဖြစ်လိုအပ်တဲ့ အရေးပေါ်မိုးကာနဲ့ သန့်စင်တဲ့ သောက်ရေ ရရှိရေးအတွက်  ကြိုးပမ်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့ ပြည်တွင်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း အထူးအနေနဲ့ ထောက်ပံ့မှုတွေကို ပြုလုပ်ဖို့ ပြင်သစ်နိုင်ငံက ဆုံးဖြတ်ထားပါတယ်။

ပြင်သစ်နိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လုံလုံခြုံခြုံနဲ့ အတားအဆီးမရှိဘဲ ပေးအပ်ဖို့ ကတိကဝတ်ပြုထားတဲ့အပြင် မြန်မာနိုင်ငံသားတွေနဲ့ တသားတည်း စည်းလုံးညီညွတ်မှုရှိတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့ လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအခြေအနေတွေအပေါ် လေးလေးနက်နက် ပူပန်မိကြောင်းနဲ့ ပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တယ်လို့လို့လည်း ပြင်သစ်ခေါင်းဆောင်က G7 ထိပ်သီးအစည်းအဝေးမှာ  ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024