Home
မြန်မာသတင်း
တောင်မွှာရွာကို စစ်တပ်ကမီးရှို့ပြီး ရွာသား ၂ ဦးအား ပစ်သတ်၊ ပဒူကျေးရွာ လေကြောင်း တိုက်ခိုက်ခံရ
DVB
·
May 25, 2023
Pa-Du-villagers-war-victims
Pa-Du-village
Taung-Hmwar-village-fired-by-SAC-၂
Taung-Hmwar-village-fired-by-SAC
Taung Hmwar village fired by SAC ၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အရှေ့မြောက်ခြမ်းက တောင်မွှာကျေးရွာကို စစ်ကောင်စီက မေ ၂၄ ရက် မနက် ၅ နာရီလောက် မီးရှို့ခဲ့ပြီး ရွာသား ၂ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ အရာတော်မြို့ လေ့ကျင့်ရေး-၁၀ ကနေ မေ ၂၃ ရက်က တောင်မွှာရွာဘက်ကို စစ်ကြောင်းထိုးရင်း အခုလို ရွာမီးရှို့ခဲ့ပြီး ရွာသား ၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ ရွာသားတဦးက ပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ရွာအနီးမှာ တိုက်ပွဲဖြစ်သေးတယ်။ ဒီနေ့မနက်ကျတော့ (မေ ၂၄ ရက်) ရွာကို မီးရှို့တယ်။ မီးလောင်အိမ်ကတော့ အတော်များတယ်။ ကျနော့်အထင်ကတော့ ၁၀၀ လောက်ရှိမယ်။ မြေပြင်မှာက စစ်ရေးအခြေအနေက လေယာဉ်လာပစ်မယ်ဆိုတဲ့ သတင်းတွေထွက်နေတော့ မီးလောင်တဲ့ အိမ်စာရင်းအတိကျ မကောက်နိုင်းသေးဘူးဗျ။ ရွာသား ၂ ဦးကိုလည်း ပစ်သတ်သွားတယ်။ သေဆုံးသူတွေက ဒေါ်ခင်စိန် (အသက်၆၀)၊ ကိုမင်းမင်း (အသက် ၃၀ ဝန်းကျင်) ဖြစ်ပါတယ်။ ပစ်သတ်ထားတဲ့အလောင်းတွေကို  အလောင်းဖျောက်တဲ့အနေနဲ့ ရွာထဲက အိမ်တွေထဲထည်ပြီး မီးရှို့ထားခဲ့ကြတာဗျ။ လောလောဆယ်တော့ ဒီအလောင်း ၂ လောင်း တွေ့သေးတယ်ဗျ။ နောက်ထပ် ၃ ဦးလည်း ပျောက်ဆုံးနေသေးတယ်။ သေသလား၊ ရှင်သလား မသိရသေးဘူး။” 

စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ တောင်မွှာကျေးရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ပဒူကျေးရွာကို စစ်ကောင်စီက မေ ၂၂ ရက် မွန်းတည့် ၁၂ နာရီမှာ လေကြောင်းမှ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က မွန်းတည့် ၁၂ နာရီက ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီက ၁ ကြိမ်နဲ့ ညနေ ၆ နာရီက ၁ ကြိမ် ပစ်ခတ်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိဘဲ အိမ်တချို့ ပျက်စီးခဲ့တယ်လို့ ပဒူရွာသားတဦးက ပြောပါတယ်။

“မေ ၂၁ ရက်ကတော့ PDF တွေနဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ စစ်ကြောင်းက ဒီနေ့မနက် (မေ ၂၃ရက်) ၅ နာရီလောက် ပြန်ထွက်သွားပြီ။ ပဒူရွာနယ်မြေခံရဲစခန်းက စခန်းနားက အိမ်တွေကို မြင်ကွင်းရှင်းတဲ့ သဘောနဲ့ အိမ် ၁၀ လုံး ထက်မနည်းကို မီးရှို့တယ်။ လေယာဉ်က ၁ ရက်တည်းကို ၃ ကြိမ် လာပစ်တယ်။ ရွာကလူတွေကတော့ မနေ့က PDFနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်ကတည်းက အကုန်ရွာထဲကနေ ထွက်ပြေးနေကြတာ။ စစ်ရေးအခြေအနေ မတည်ငြိမ်သေးလို့ ရွာထဲအခြေအနေ အတိကျတော့ မသိရသေးဘူ။”

မေ ၂၂ ရက် ညနေပိုင်းမှာတော့  ပဒူရွာကို စစ်တပ်က ဒုတိယအကြိမ် စစ်ကြောင်းထိုးလာပြီး ရွာက နေအိမ်နဲ့ပစ္စည်းတွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ပဒူရွာ စစ်ကြောင်းထိုးခံရတာကြောင့် ရွာနဲ့နီးတဲ့ စာရေးအရှေ့ရွာ၊ စာရေးအနောက်ရွာ၊ ကျောက် ပနန်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပဒူကျေးရွာ၊ ခက်ခအရှေ့ရွာ၊ ခက်ခ အနောက်ရွာတွေက ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024