မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျည်းစုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၂၄ ရက် မနက် ၁ နာရီလောက်က မီးရှို့ခဲ့လို့ နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးကာ အောက်ပိုင်းလေဖြတ်နေသူ အမျိုးသားတဦးနဲ့ ကျန်းမာရေးမကောင်းသူ အမျိုးသမီးတဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။
အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ မန်ကျည်းစုကျေးရွာကို စစ်ကောင်စီက မီးတင်ရှို့ခဲ့ပြီး နေအိမ်ထက်ဝက်ခန့် မီးလောင်ပြာကျကာ စစ်ကြောင်းပြန်ထွက်ရာ ထနှောင်းပင်လမ်းဘေးမှာ ပိုင်ရှင်မဲ့ ရွာသားတဦးကိုလည်း သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသူ ရွာခံတဦးက “ညနက်ပိုင်း အိပ်ကောင်းတဲ့အချိန်ကြီး လက်နက်ကြီးသံတချက် ကြားရတယ်၊ ပြီးတော့ စစ်ကား ၃ စီးနဲ့ ရွာထဲဝင်လာတာ ဘာမှ မယူနိုင်ဘဲ အသက်လုပြီး ပြေးကြရတာ။ ကျန်ခဲ့တဲ့သူတွေ ရိုက်နှက်ခံရတယ်။ ဘာမှတော့ ပြန်မရဘူး၊ ပြာပုံပဲကျန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကား ၃ စီး၊ ကျောက်လန်ရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းအင်အား ၃၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကြောင်းဟာ ရွာအဝင် လက်နက်ကြီးနဲ့ထုပြီး မန်ကျည်းစုရွာ တောင်ပိုင်းကနေ မီးစတင်ရှို့ခဲ့ပြီး တနာရီဝန်းကျင်လောက်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
“သူတို့(စကစ)တွေက ရွာထဲစဝင်လာတည်းက လက်နက်ကြီးနဲ့ထုပြီး တန်းရောက်လာတာ။ အားလုံး အသက်လုပြေးကြရတာပေါ့။ ကျန်းမာရေးမကောင်းတဲ့သူတွေက မပြေးနိုင်ဘဲ ကျန်ခဲ့တာ။ ဦးခင်မောင်ဌေးက လေဖြတ်ထားေတာ့ ဘယ်ပြေးနိုင်မလဲ။ သူ့ကို ရိုက်နှက် စစ်ဆေးသွားတယ်။ အော်ဟစ်တဲ့ အသံသဲ့သဲ့တော့ ကြားလိုက်ရတယ်” လို့ မီးလောင်ဒဏ်ရာတွေနဲ့ ပြန်လည်လွတ်မြောက်လာသူတဦးက ပြောပါတယ်။
နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး အောက်ပိုင်းလေဖြတ်နေတဲ့ ဦးခင်မောင်ဌေး အသက် (၄၀ နှစ်)၊ ဒေါ်အေးကြိုင် အသက် (၆၀ နှစ်) တို့ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကာ ထွန်စက် ၆ စီး၊ ဆိုင်ကယ် ၁၀ စီးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရွာခံတွေထံက သိရပါတယ်။