ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်က ပြင်းထန်စွာတိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ စာရေးဆရာ ဝေဟင်အောင်နဲ့ အဖွဲ့ကို စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးမှာ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က မေ ၂၃ ရက် ဒီနေ့မနက် ၁၀ နာရီမှာ ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
မျက်မြင် အမြင့်ကျွန်းဒေသခံတဦးက “ဆရာဝေဟင်အောင်ကို ကားတားဆီးပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး လွှတ်ပေးလိုက်တယ်။ နောက်ပြီးမှ စရဖ က ကားနဲ့ နောက်ကလိုက်လာပြီး အမြင့်ကျွန်းနားမှာ ဖမ်းသွားတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာ စာရေးဆရာ ဝေဟင်အောင်၊ သူ့ရဲ့သမီးနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ လူငယ်တချို့ပါဝင်ကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။
သူတို့ကို မေ ၂၃ ရက် ဒီနေ့မနက် ၁၀ နာရီကျော်က စစ်တွေမြို့နယ်၊ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ကျော်လွန်ပြီး အမြင့်ကျွန်းကျေးရွာထိပ်အနီး အရောက်မှာ ဖမ်းဆီးခံခဲ့ကြရတာပါ။
လေဘေးသင့် ရခိုင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်နဲ့ အဖွဲ့ဝင်တချို့ အဖမ်းခံရတာ မှန်ကန်ပြီး ဘာအကြောင်းနဲ့ ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေးဘူးလို့ စာရေးဆရာ ဝေဟင်အောင်နဲ့ အတူလုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေက အတည်ပြု ပြောဆိုပါတယ်။
လက်ရှိမှာ စာရေးဆရာ ဝေဟင်အောင်နဲ့ အဖွဲ့ကို ဘယ်နေရာမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ် ဆိုတာ မသိရသေးကြောင်း သူ့မိတ်ဆွေတွေက ပြောပါတယ်။
“အခုထိ အဆက်အသွယ် ဘာမှမရသေးဘူး။ သူ့ဖုန်းလည်း ပိတ်ထားတယ်။ အဖမ်းခံရသူတွေရဲ့ ဖုန်းတွေပါ စက်ပိတ်ထားတယ်။ သက်ဆိုင်ရာတွေကို ဖုန်းဆက်လည်း လက်ခံဖြေကြားတာ မရှိသေးဘူးဗျ။”
စာရေးဆရာ ဝေဟင်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မြောက်ဦးမြို့ စာပေဟောပြောပွဲမှာ ဟောပြောချက်တွေကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ရခိုင်ဒေသတွင်း လူမှုရေးလုပ်ငန်းတွေကို ဇောက်ချလုပ်ဆောင်နေတဲ့ ပရဟိတသမားတဦးလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ အလွန်အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ရခိုင်ပြည်သူတွေကို စစ်ကောင်စီခွင့်ပြုချက်မရဘဲ INGO နဲ့ NGO အပါအဝင် ဘယ်ပရဟိတအဖွဲ့မှ လွတ်လပ်စွာ သွားလာလှူဒါန်းခွင့်မရှိကြောင်း ပြည်နယ်ကောင်စီနဲ့ နီးစပ်သူတေွထံက သိရပါတယ်။