မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ နေအိမ် ၂,၇၇၄ လုံး၊ စာသင်ကျောင်း ၁၈၅ လုံးနဲ့ ကျန်းမာရေးအဆောက်အဦ ၁၂ လုံး ပျက်စီးခဲ့တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။
မေလ ၁၄ ရက်နေ့က ချင်းပြည်နယ်အတွင်း ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ် ၉ မြို့နယ်စလုံးမှာ ထိခိုက်ပျက်စီးမှုရှိခဲ့တာဖြစ်ပြီး ပျက်စီးသွားတဲ့ အိမ်ခြေ ၂,၇၇၄ အိမ် ဖြစ်ပါတယ်။
ဒါ့အပြင် စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေးအဆောက်အဦပေါင်း ၁၀၂ ခု၊ ကျန်းမာရေးအဆောက်အဦ ၁၂ လုံး၊ စပါးကျီ ၂၅၉ လုံး ပျက်စီးသွားခဲ့ကြောင်းလည်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။
ပျက်စီးသွားတဲ့ လူနေအိမ်နဲ့ တခြားအဆောက်အဦတွေ ပြန်လည်ပြုပြင်နိုင်ဖို့ အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ အမိုးအကာနဲ့ တာလပတ်တွေ လိုအပ်နေကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စပါးကျီပျက်စီးသွားတဲ့ ဒေသတွေအတွက်လည်း ဆန်ရိက္ခာနဲ့ အခြေခံ စားသောက်ကုန်တွေ လိုအပ်နေသလို အခြေခံ အိမ်သုံးဆေးဝါးတွေ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ပါတယ်။