မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မေ ၂၂ ရက် ည ၁၀ နာရီက ကုန်တင်ကားတစီးထပ်မံ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့နယ်၊ ဇရပ်ကျွန်းရွာ ရွှေမိုးဆီဆိုင်နဲ့ ဇရပ်ကျွန်းလမ်းခွဲအနီးမှာ ဘားအံမြို့ကနေ နေပြည်တော်ကို သွားမယ့် လမ်းခင်းကျောက်တွေ တင်ဆောင်လာတဲ့ ၂၂ ဘီးယာဥ် မိုင်းဆွဲခံရပြီး ကားရဲ့အရှေ့ဦးခေါင်း မိုင်းစထိမှန် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ကားမှာလိုက်ပါလာတဲ့ မခင်ကျော့ကျော့ထွန်းမှာ ဝဲဘက်ခြေသလုံးနဲ့ ဝဲဘက်တင်ပါးမှာ ဒဏ်ရာရရှိပြီး သမီးဖြစ်သူ သုန်သုန် (ခ) ထွန်းဝတီမောင် (၂ နှစ်) လည်း ဝဲဘက်ခြေသလုံး ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မေ ၂၁ ရက် ည ၁၀ နာရီလောက်ကလည်း ခရီးသည်တင်ကား မိုင်းဆွဲခံရလို့ ခရီးသည် ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
ရန်ကုန်ကနေ မြဝတီတက်မယ့် ခရီးသည်တင် မှန်လုံယာဉ်မှာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာပြီး အမျိုးသား ၃ ဦး မိုင်းစထိမှန်ခဲ့တာကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်-မော်လမြိုင် ကားလမ်းမှာ ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီတပ်ကားတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသလို ထိခိုက်သေဆုံးမှုတွေလည်း ရှိပါတယ်။
အဆိုပါ ရန်ကုန်-မော်လမြိုင် ကားလမ်းမှာ ၂ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။