မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၃ ကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေထဲက မဲရုံးလေးလမ်းကို မေ ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ထပ်မံဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလမ်းဟာ အင်္ဂဘိုလက်ပံပင်အဝမှ မဲရုံးလေးကျေးရွာသို့ ဝင်တဲ့လမ်းဖြစ်ပြီး စစ်တပ်က မနေ့ ညနေ ၄ နာရီလောက်မှာ ဘက်ဟိုးနဲ့ လမ်းကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မဲရုံးလေး၊ မဲရုံးကြီး၊ ကဒိုင်တွတ်၊ မိုးဘော၊ နတ်စင်၊ ကျောက်ဖျာ၊ ရွာသစ်၊ ခမောက်ခွေနဲ ကော်ကပ်ရွာတွေဟာ အဲဒီလမ်းကနေ ဆောင်နိုင်ကြီး ကင်မွန်းချောင်း ဘက်ပြန်ထွက်လို့ ရတာ ကြောင့် အခုလိုဖျက်ဆီးတာဟာ အရပ်သားတွေ ထိခိုက်နစ်နာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျိုက်ထိုမြို့ KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာနယ်မြေများရှိ ကျေးရွာချင်းဆက်လမ်း တွေကို ဒီနေ့အထိ ၃ နေရာလောက်ကို စစ်တပ်က ဖျက်ဆီးထားပြီး အဲဒီလမ်းတွေဟာ အာရှ လမ်းမကြီးနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။