ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်ရှိ အလှမွေးမြူထားတဲ့ ငါးအကောင်ရေ ၆,၀၀၀ ကျော် သေဆုံးသွားပါတယ်။
နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်ဟာ တိုက်ကြီးမြို့ရဲ့ မီးသတ်ရေကန်ဖြစ်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှာ နိဗ္ဗာန်ချမ်းသာ မင်္ဂလာနာရေးကူညီမှုအသင်းက ရွှေငါးကြင်း အကောင်ရေ ၂ သိန်းခန့် မွေးမြူထားတဲ့ ဘေးမဲ့ငါးကန်တခု ဖြစ်ပါတယ်။
မေလ ၂၂ ရက် မနက်ခင်းအချိန် ငါးစာကျွေးရာ ငါးတွေ ရေပေါ်တက်မလာတဲ့အတွက် ကန်တွင်းဆင်းဆယ်ခဲ့ရာက ငါးတွေသေဆုံးကြောင်း သိခဲ့ရတာပါ။ အခု သေဆုံးသွားတဲ့ ငါးတွေကို သုသာန်မြေမှာ မြှုပ်နှံသွားမယ်လို့ သိရပါတယ်။
“အောက်ဆီဂျင် ပြတ်လို့လား၊ ရာသီဥတုဒဏ်ကြောင့်လား၊ ငါးမှာ ဗိုင်းရပ်စ်ဝင်တာလား၊ ဘာကြောင့်သေဆုံးခဲ့တယ် ဆိုတာကိုတော့ ကျနော်တို့ အခုထိ အတည်ပြုလို့ မရသေးပါဘူး။ ရေ၊ ငါး၊ အစာတွေကို ဓာတ်ခွဲပြီးမှသာ သိရပါမယ်” လို့ နိဗ္ဗာန်ချမ်းသာ နာရေးကူညီမှုအသင်းမှ ကိုတင်ကျော်ဦးက ပြောပါတယ်။