ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခရစ်ယာန် Sunday School ကျောင်းခေါင်မိုး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၂၁ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၁၂၀ မမ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦဖြစ်တဲ့ Sunday School ခေါင်မိုး ပျက်စီးသွားခဲ့တာလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“Sunday School ထိထားတယ်။ လူတော့ ထိခိုက်တာမရှိပါဘူး။ သံတောင်မြို့ဘက်မှာဆို လူသိပ်ပြန်မနေသေးဘူးလေ။ အဲဒီနေ့က အသံကြားတော့ ဘုရားကျောင်းမတက်ကြတာ၊ လက်နက်ကြီးတွေမပစ်ခင် သေနတ်တွေပစ်လို့လေ၊ အဲဒါကြောင့် မတက်ကြတော့တာ။”
စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေ ဘုရားကျောင်းတက်တဲ့နေ့မျိုးမှာ အခုလို ပစ်ခတ်တာဟာ ဘုရားဝတ်ပြုနေသူတွေကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
သံတောင် ၁၃ မိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်ကတည်းက တမြို့လုံးနီးပါးက ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုချိန်မှာ ၃၀ ရာခိုင်နှုန်းလောက်သာ ပြန်လည်နေထိုင်ကြသေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း သံတောင် ၁၃ မိုင်က နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အလုံး ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။