ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာရွာက ဥရုချောင်းအတွင်း မေ ၂၁ ရက် နေ့လယ်ပိုင်းက ရေစီးနဲ့ မျောပါလာတဲ့ အမျိုးသား ၁ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၀ အရွယ်လောက်ရှိ အဲဒီအမည်မသိ အလောင်းရဲ့ ရင်ဘတ်နဲ့ ကျောကုန်းမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်လို့ ဒေသခံအမျိုးသား တဦးက ပြောပါတယ်။
"ဥရုချောင်းထဲမှာ မျောလာတာ။ ညနေ ၃ နာရီလောက်က တွေ့တာ။ အလောင်းမှာ အဝတ်အစား မပါဘူး။ ရင်ဘတ် ကျောကုန်းမှာ နှိပ်စက် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။ သင်္ဂဟ လူမှုကူညီရေးအသင်းက မီးသဂြိုဟ်ပေးမယ်။"
မေလအတွင်း ဖားကန့် မြို့နယ်မှာ အမည်မသိအလောင်းတွေ တွေ့ရှိနေပြီး မေ ၁ ရက် မရှီကထောင် တံတားနားမှာ အမျိုးသားအလောင်း ၁ လောင်း၊ မေ ၅ က မြောက်ဖြူရွာနားမှာ အမျိုးသား ၂ ဦး အလောင်း၊ မေ ၆ ရက်က မှော်စီစာရွာနားမှာ အမျိုးသား ၂ ဦး အလောင်းနဲ့ မေ ၉ ရက်က မရှီကထောင်ရွာနားမှာ နောက်ထပ် အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တာပါ။