ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ မေ ၁၉ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ချခဲ့လို့ အမျိုးသမီး တယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၃၀ ရပ်ကွက် ကျောင်းလမ်းဈေးမှာရှိတဲ့ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်ခဲ့တဲ့အတွက် သစ်ပင်အနီး ဈေးရောင်းချနေသူ အမျိုးသမီးတယောက် မိုးကြိုးထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။
ကူညီကယ်ဆယ်ရေးမှာပါသူ တဦးက "ညနေ ၅ နာရီလောက်က မိုးတွေအတော်သည်းပြီး မိုးကြိုးပစ်တာ။ ပစ်တာက သစ်ပင်ကို ပစ်တာ။ အဲဒီသစ်ပင်နားမှာ ဈေးရောင်းနေတဲ့ ကောင်မလေး မိုးကြိုးစက်ကွင်းမလွှတ်ဘဲ သေသွားတယ်" လို့ ပြောပါတယ်။
မိုးကြိုးစက်ကွင်းမလွတ်လို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးကို လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက မြောက်ဥက္ကလာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး မိုးတိမ်တောင်ရွေ့လျားရာ နေရာတလျှောက် မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဌာနက အသိပေးထုတ်ပြန်ထားပါတယ်။