(က)
ဒီမနက် ထူးခြားတာကတော့ အဘစောမူးသာကော အဘလုံးတုံးပါ ကရင်သင်တိုင်းအင်္ကျီတွေနှင့် ဖြစ်၏။ ဖေကြီးရောက်တဲ့အခါကျတော့ 'ကရင်သုံးယောက်' ဖြစ်သွားတာပေါ့ဗျာ။ ဖေကြီးလည်း ကရင်သင်တိုင်းနဲ့ပဲကိုးဗျ။
အဘစောမူးသာလက်ဆောင်ပေးထားတာလေး ဒီနေ့ဝတ်ခဲ့မိလို့ အခုတော့ ရေနွေးကြမ်းဝိုင်းမှာ ကရင်သုံးယောက်။
" လာဟေ့ ပီတာဖိုးခွား . . . မင်းလည်း သင်တိုင်းအင်္ကျီနဲ့ သိပ်လိုက်တာပဲကွာ "
" ဟုတ်လားအဘ . . . ကရင်စကားတော့သိပ်မတတ်သေးပါဘူးဗျာ၊ ' ယအယ်နား ' လောက်ပဲ တတ်သေးတယ် ခင်ဗျ "
" လူရွှင်တော်တွေပြောသလို ' ဟေး ကရင်ကြီး . . . နင်က ဘာလူမျိုးလည်း ဝေ့ ' လို့မေးရတော့မှာပေါ့ဟာ "
" ဟားဟား ဟားဟား ဟားဟား . . . . . "
မကြာခင်မှာပဲ စိမ်းသရဖူစိမ်း အဘစိမ်းမောင်နဲ့ သူ့သားကြီး လေးမောင် (ရွာကခေါ်တာကတော့ လေကြီးလွန်းအားကြီးလို့ ' လေမောင်')တို့ ပေါက်ချလာပါသဗျ။ လက်ထဲမှာလည်း ကြွပ်ကြွပ်အိတ်ကြီးတွေနဲ့။ အချိုရည်ပုလင်းတွေ ခင်ဗျ။
" တောင်ကျောင်းမှာ ဧည့်သည့်တွေရောက်နေတယ်ဆိုလို့ကွ၊ မင်းတို့လည်း လိုက်ခဲ့ကြလေကွာ "
ဘုန်းကြီးကျောင်းနဲ့ ရွာအတွက် အကူအညီပေးမယ့်ကိစ္စလို့ ဆိုတာကြောင့် လိုက်ခဲ့ကြပါတယ် ခင်ဗျ။ စိမ်းသရဖူစိမ်း ဆရာတော့်ကျောင်းဝင်းထဲမှာ ရပ်ထားတဲ့ကားကို မြင်လိုက်တော့ အဘစောမူးသာတို့က ပြုံးစိစိဖြစ်သွားကြပါတယ်။
ဖြစ်ဆို ကားမှာက အလံလေးတွေတပ်ထားတာကိုး။ အစိမ်းဧရိယာခပ်ကျယ်ကျယ်ကနေ ကြယ်ဖြူ ပါတဲ့ အနီဧရိယာကျဉ်းကျဉ်းလေးကို ထောင့်မှာ ချောင်ပိတ်ထားတဲ့ပါတီကိုးခင်ဗျ။
(ခ)
ကျောင်းပေါ်ကစကားသံတွေ ကြားရပါတယ်။
" တပည့်တော်တို့လည်း တထိတ်ထိတ်နဲ့ စွန့်စားပြီး လာခဲ့ရတာ ဘုရာ့ "
" အိမ်း . . . တိုက်ပွဲတွေ ကြမ်းနေ ဆို "
"ကြမ်းနေပါတယ် ဘုရား၊ တပြည်လုံးမှာ မြို့နယ် ၃၃၀ ရှိတာ၊ မြို့နယ် ၂၅၀ ကျော်မှာ ကြမ်းနေပါတယ် ဘုရာ့ "
စိမ်းသရဖူစိမ်းကိုယ်တော်ဘေးမှာ တိုက်ပုံအဖြူ ပုဆိုးအစိမ်းနဲ့ ပုဂ္ဂိုလ်တွေ ဝိုင်းလို့ ခင်ဗျ။အစိမ်းရောင်ဆေးဘူးကြီးတွေလည်း လှူထားတာ မြင်ရပါတယ်။ ကျောင်းခေါင်မိုးတွေ အုတ်တံတိုင်းတွေကို အစိမ်းရောင်အသစ် ပြန်ရှိုင်းဖို့နဲ့ တူပါတယ်။
" လာကြဟေ့ . . . လာကြ . . . သိမ်းမောင်တို့၊ မူးသာတို့၊ လုံးတုံးတို့၊ လေးမောင်တို့၊ ဖေကြီးတို့ . . . "
ဆရာတော်ကမိန့်တော့ ဟိုပုဂ္ဂိုလ်တွေက လှည့်ကြည့်ပြီး ပြုံးပြကြပါတယ်။ အဘစိမ်းမောင်က အချိုရည်ပုလင်းတွေကို ဧည့်သည်တွေဆီ ကမ်းပေးပါတယ်။ လိမ္မော်တို့ ကိုလာတို့ စပတ်ကလင်တို့ ဘာတို့ပေါ့ဗျာ။ စုံလို့။ အဲသည်မှာ အဘစောမူးသာက စကားစပါတယ်။
" ' ကရင်ဆော်တာ ' မပါဘူးလားဟ "
" ဟေ . . . အဲ . . . အဲဒါ မပါဘူးကွ "
" ' ကရင်ဆော်တာ ' က မိုက်တယ်ကွ "
" ' ကရင်ဆော်တာ ' က ကြမ်းရှရှနဲ့ ခပ်ပြင်းပြင်းမို့ အရင်ကတည်းက ကြိုက်သကွ "
အဘစောမူးသာနဲ့ အဘလုံးတုံးတို့စကားကို အားလုံး နားဆင်နေရတာပေါ့ဗျာ။ ဒီအဘတွေကလည်း ဇာတ်တိုက်မထားပါပဲလိုက်ဖက်အောင် ' ချိတ်' နိုင်ကြပါသဗျ။
" အေးကွ . . . ' ကရင်ဆော်တာ ' လိုပဲ' ကချင်ဆော်တာ ' လည်း မိုက်မှာပဲ "
"အမှန်ပဲ မူးသာရ"
" ဘာကွ . . . ' ကချင်ဆော်တာ ' ရှိတယ်လို့ တစ်ခါမှ မကြားဘူးပါဘူးကွာ "
" ဟားဟား ဟားဟား ဟားဟား . . . . "
ဟိုအရွှင်အဘနှစ်ဦးရဲ့ အတိုင်အဖောက်ထဲကို အဘစိမ်းမောင် ရောက်ရှိသွားတာပါ။
"နောင်ဆို တိုင်းရင်းသားပေါင်းစုံ စက်ရုံတွေဆီကနေ အဲသည်လို ' ဆော်တာတွေ ' သူ့ဒေသနဲ့သူ ထွက်လာတော့မှာကွ "
" အေးကွ . . ' ကရင်ဆော်တာ၊ ကချင်ဆော်တာ၊ ကယားဆော်တာ၊ ရခိုင်ဆော်တာ၊ ချင် ဆော်တာ၊ ရှမ်းဆော်တာ၊ မွန်ဆော်တာ ' "
" ဟား ဟား ဟား ဟား ဟား ဟား . . . "
အဘစိမ်းမောင်ကား ရီရမလို ငိုရမလို မအီမလည်မျက်နှာကြီးနှင့်။ ဆရာတော်လည်း ရင်တထိတ်ထိတ်မျက်နှာတော်နှင့်။ ဧည့်သည်တော်ကြီးတွေကား ပြုံးတုံးတုံး မဲ့တဲ့တဲ့ပုံစံကြီးတွေနှင့်။ ဆရာတော်က စကားလမ်းကြောင်းကို ပြောင်းပေးတော်မူပါ၏။
" အိမ်း . . ဒီရက်ထဲမှာပဲ ထိုင်းရွေးကောက်ပွဲဟာ အေးအေးချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ပြီးသွားပြီနော်။ အတုယူစရာကွ "
" ဟုတ်တယ်ကိုယ်တော်၊ အမှန်ပဲ " အဘလုံးတုံးက ထောက်ပေးနေပါလေ၏။
လူကတော့ ပြုံးစိပြုံးစိ။ အဘစောမူးသာလဲ ပြုံးစိပြုံးစိပါပဲ။ ဆရာတော်ကား ထိုင်းမှာ မဲမသမာမှုတွေ ဘာတွေ ဘာသံမှ မကြားရကြောင်း ဘာမဆိုင်ညာမဆိုင် ' ပွား ' လေရာ ဟိုအရွှင်အဘတွေမှာ ပြုံးဖြဲ ပြုံးဖြဲ ဖြစ်လာကြပြီ ဖြစ်ပါလေ၏။
" ကိုယ်တော်ပြောသလိုပဲ . . . ထိုင်းဟာအတုယူစရာကောင်းတယ် "
"အမှန်ပေါ့ ဒကာ မူးသာရဲ့"
" တပည့်တော်တို့ကတော့ မဲပေးကြတဲ့ထိုင်းပြည်သူတွေကို သဘောကျတယ် ဘုရာ့ "
" အိမ်း . . . "
"အများစုဟာ သိပ်ကိုသတ္တိရှိတယ်။ အာဏာသိမ်းပြီး တိုင်းပြည်ကိုအုပ်စိုးနေတဲ့ ပရာရွတ်ရဲ့ပါတီကိုဆန့်ကျင်ပြီး ' ပီတာ လင်ဂျရိုနတ် 'ဦးဆောင်တဲ့ Move Forward ပါတီကို ပုံ အောပြီး ထည့်ခဲ့ကြတာ အတုယူစရာပဲ "
" အဲ . . . အင်း . . . အိမ်း . . . "
' ဧည့်စိမ်း ' များလည်း ဟိုကြည့်သည်ကြည့်နှင့် ဖင်တကြွကြွ။ ထပြန်လို့လည်း မရ။ အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ဆရာတော်နှင့် ဆက် ' ပွား ' ရန် ကြံစည်ထားပုံပါလေ။ ဆရာတော်ကား ငါပြောမိတာ မှားပါပေါ့လားဟု နောင်တရနေပုံပါ ခင်ဗျ။
"အဲသည်မှာ ထိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိမ်းမောင်တို့ပါတီဗဟိုက ပုဂ္ဂိုလ်တစ်ဦးကို အင်တာဗျူးထားတာ ကြည့်လိုက်ရတယ် "
" - - - - - - "
" အဲသည် မဲအများဆုံးရတဲ့ Move Forward ပါတီက ' ပီတာ လင်ဂျရိုနတ် ' ဟာ ' ဝန်ကြီးချုပ်ဖြစ်ဖို့ ရာခိုင်နှုန်းများနေတာကို အဲသည်ပုဂ္ဂိုလ်က ပြောဖို့စောသေးကြောင်း စောင့်ကြည့် ရမှာဖြစ်ကြောင်း ဘာညာ ပြောနေပါသဗျ"
" - - - - - - "
အစိမ်းဆရာတော်ကော အစိမ်းဒကာတော်တွေပါ မအီမသာမျက်နှာကြီးတွေနှင့်။ မြင်ရမြင်ရ ရင်ဝမသက်သာ။
(ဂ)
အဘစောမူးသာက ဆက်ပါလေ၏။ ' ပီတာ လင်ဂျရိုနတ် ' ဟာ အသက် ၄၂ နှစ်ပဲရှိသေးပြီး အမေရိကန် ဟားဗက်တက္ကသိုလ်ဆင်းဖြစ်ကြောင်း၊ ထက်မြက်ကြောင်း၊ ထိုင်းနိုင်ငံအတွက်သာမက အာဆီယံအတွက်နှင့် အထူးသဖြင့် မြန်မာနိုင်ငံအတွက် အားထားရမည့်သူဖြစ်ကြောင်း သူ့မိန့်ခွန်းတွေမှာ မြင်ရပါကြောင်း ' လွှတ် ' ပါလေ၏။
ဆရာတော်လည်း ကြွလို့မရ၊ ဟိုပုဂ္ဂို လ်တွေလည်း ထလို့မရ၊ ခွကိုကျရောဆိုပါတော့။ အဘလုံးတုံးကလည်း ဝင်ဖြည့်ပြောပါလေ၏။ အဘစောမူးသာက ရုတ်တရက် ဖေကြီးဘက် လက်ညှိုးညွှန်ကာ ပြောပါလေ၏။
" ' ပီတာ လင်ဂျရိုနတ် ' နဲ့ ဖေကြီးက ခပ်ဆင်ဆင်နော်၊ အရွယ်ကလည်း မတိမ်းမယိမ်း၊ ခုလို ကရင်သင်တိုင်းလေးနဲ့ဆိုတော့ ပိုပြီးတူပါ့ "
" ဟားဟား ဟားဟား ဟားဟား . . . . . . "
" သူ ဒီလိုကရင်သင်တိုင်းလေးဝတ်ပြီး ပြောသွားတာများ လက်ဖျားခါလောက်တယ်ဟ "
" ဆိုပါအုံး "
" ကျနော် ဘာကြောင့် ဒီအင်္ကျီကို ဝတ်ရသလဲဆိုတော့ ဒီအင်္ကျီက တခြား အင်္ကျီတွေထက်ပိုပြီး တန်ဖိုးရှိလို့ပါတဲ့ "
"ကရင်အင်္ကျီက အရှေ့ဘက်ကော အနောက်ဘက်ကော နှစ်ဘက်လုံး အတူတူပဲ။ ကရင်အင်္ကျီမှာ အိတ်ကပ်မပါဘူး။ ကော်လာ မပါဘူး၊ အနားကွပ်မပါဘူး။ ကျနော်လည်း ကရင်အင်္ကျီလိုပဲ ဘယ်တော့မှ မထိမ်ချန်ဖူးဘူး။ ဘယ်တော့မှ မဖုံးကွယ်ဖူးဘူး။ ရှေ့မှာတစ်မျိုး နောက်ကွယ်မှာတစ်မျိုး မလုပ်ဘူး "
" နောက်မှာ ဒီလိုဆိုရင် ရှေ့မှာလည်း ဒီလိုပဲ။ ဒီအင်္ကျီမှာ အိတ်ကပ်မပါဘူ။ အပေးအယူလုပ်စရာ ဘာမှမရှိဘူး။ သိမ်းထား ဝှက်ထားစရာနေရာလည်း မရှိဘူး။ ကော်လာမရှိ ကြယ်သီးမရှိ၊ အနားကွပ်မရှိတာတွေဟာ ရိုးသားမှုနဲ့ ပကာသနမရှိတာကို ပြတာပဲ "
" အေးကွာ . . . ဒီဖိုးခွားလေး တော်လိုက်တာ "
ဆရာတော်က ရင်တမမ။ စကားဝိုင်းမှတော့ ထ၍မရ။ ဒုက္ခ ဆင်းရဲခြင်းပါတကား။ ဟိုအဘတွေကား လွှတ်၍ ပြောကောင်းနေဆဲပါ။
" ' ပီတာ လင်ဂျရိုနတ် ' က မြန်မာနိုင်ငံကစစ်အာဏာသိမ်းမှုအရေးကို ဖြေရှင်းဖို့၊ အမေရိကန်က ပြဋ္ဌာန်းထားတဲ့ Burma Act အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းမယ်တဲ့"
" မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်။ အဲဒါကိုအကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံအနေနဲ့ တွန်းအားပေးသွားမယ်တဲ့"
" ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အောင်မြင်မှု လုံးဝမရနိုင်ဘူးတဲ့ "
" ပြီးတော့ . . . မြန်မာပြည်သူတွေကို အကူအညီပေးဖို့အတွက် ထိုင်းနဲ့ မြန်မာနိုင်ငံကြားမှာ လူသား
ချင်းစာနာထောက်ထားမှုအကူအညီပေးရေးလမ်းကြောင်းတွေလည်း ဖွင့်လှစ်သွားမယ်တဲ့ "
အဘစိမ်းမောင်ကား ကျောင်းကြမ်းပြင်ကို လက်ထောက်ကာ ဖင်တကြွကြွ။ ဒီပုံစံကိုမြင်တော့ အ ဘစောမူးသာက ဒီလို ပြောလာပါတယ် ခင်ဗျ။
" မင်းက ဘာဖြစ်နေတာလဲ "
" အဲ . . . . . "
" ဖင်ကြား ခဲညပ်နေသလိုပဲ "
" အဲ . . . . . "
" မင်းတော့မသိဘူး . . . မင်းတို့အဘ ကြင်စိုး သာ၀ မအလတော့ ဖင်ကြားခဲညပ်နေပြီဆိုတာ အသေအချာပေါ့ဗျား "
" ဝါး . . . ဟားဟား ဟားဟား ဟားဟား "
ဖေကြီး (လေရှီး)