တောင်ငူအကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တော်လှန်ရေးရဲဘော် အချုပ်သား ၁၀ ယောက်ရဲ့ မိသားစုတွေကို စစ်ကောင်စီတပ်က မေလ ၁၉ ရက် မနက် အစောပိုင်း ၃ နာရီလောက်က လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တခုဆီက သိရပါတယ်။
မေလ ၁၈ ရက် ညနေ ၃ နာရီလောက်က တောင်ငူအကျဥ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးဖို့ ရုံးထုတ်လာတဲ့ အချုပ်သား ၄၁ ယောက်ထဲက ၁၀ ယောက်ဟာ တံခါးတွေကို ကန်ဖွင့်ကာ ရဲနဲ့ စစ်သားတွေဆီကနေ သေနတ်လုပြီး ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီးနောက် မိသားစုတွေကို လိုက်ဖမ်းဆီးနေတာဖြစ်ပါတယ်။
တောင်ငူဒေသခံတဦးက “အမျိုးသား တဦးရယ်၊ ထောင်ကလွတ်မြောက်လာတဲ့ ရဲဘော်တဦးရဲ့ မိခင်ရယ် ပါသွားပြီလို့ ကနေဦး စတင်သိရှိရပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်နဲ့အတူ ၁၆ ရက်ကွက်က ရက်ကွက် အုပ်ချုပ်ရေးမှူးလည်းပါတယ်ဗျ။ သူတို့ သံသယရှိတဲ့သူတွေ၊ မိသားစုတွေကို လိုက်ဖမ်းနေတယ်”လို့ပြောပါတယ်။
ဒါ့အပြင် တောင်ငူနယ်မြေခံ စစ်ကောင်စီတပ်တွေက တောင်ငူအနောက်ဘက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျောက်နဲ့ ပဲခူးရိုးမအခြေတောင်တန်းတွေအပါအဝင် တောင်ငူအရှေ့ဘက် စစ်တောင်းမြစ်ကမ်းနားတလျောက်ကိုလည်း အင်အားဖြည့် တပ်ဖြန့်ထားကြောင်း သိရပါတယ်။
သေနတ်လု ထွက်ပြေးလာတဲ့ ခုလွတ်မြောက်လာတဲ့လူတွေက PDF ရဲဘော်ဟောင်းတွေလည်း ပါဝင်ပြီး အားလုံး လွတ်မြောက်နယ်မြေကို လုံခြုံစွာရောက်ရှိနေပြီလို့ ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူတယောက်က ပြောပါတယ်။
အချုပ်သား ၁၀ ယောက် ထွက်ပြေးလွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး ထောင်အရာရှိတချို့ စစ်ဆေးခံနေရတယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ တောင်ငူ အကျဥ်းထောင်ဖြစ်စဥ်မှာ အချုပ်သား ၁၀ ယောက် ထွက်ပြေးကာ သေနတ်နှစ်လက်ပါသွားပြီး ပြန်လည်ဖမ်းဆီးရမိအောင်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနစ် အောက်တိုဘာလတုန်းကလည်း သံလျင် လူငယ်ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တဦးရဲ့ မိဘဖြစ်သူတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါသေးတယ်။