ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပစက်မှုဇုန်၊ သုဓမ္မာလမ်းမ၊ ရတနာလမ်းသွယ်ရှိ စက်ရုံအဆောက်အဦတလုံးမှာ မေ ၁၉ ရက် မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။
မနက် ၉ နာရီ ၁၅ မိနစ်လောက်က မီးလောင်မှုသတင်း ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပ မြို့နယ်မီးသတ်ယာဥ်၊ ပုလဲအရန်မီးသတ် ရေသယ်ယာဉ်နဲ့ အရပ်ဘက်ကယ်ဆယ်ရေး အသင်းတွေက Level 1 အဆင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြတာပါ။
ရန်ကုန်မြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ခံက “ဖိနပ်ဆိုးပြား စက်ရုံပါ၊ လောင်စာအားကောင်းတယ်၊ အဆောက်အဦက တလုံးပဲ၊ အထဲထဲမှာ ကျိတ်လောင်နေရာကနေ မီးတောက်ကြီးလာတာ။ ဘာကြောင့်လောင်လဲတော့ မသိရသေးပါဘူး။ ခရိုင်နဲ့ ဌာနချုပ်ကရော လာတယ်။ ရွှေပြည်သာ၊ ပုလဲ အရန်မီးသတ်ရော တွေ့ရတယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပေါ်တဲ့နေရာက ဖိနပ်ဆိုးပြားစက်ရုံဖြစ်ပြီး လောင်စာအား ကောင်းနေတာကြောင့် ၉ နာရီ ၂၀ လောက်မှာ Level 2 ဆင့်ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် စက်ရုံအဆောက်အဦတခုလုံးနဲ့ ကုန်ကြမ်းပစ္စည်း၊ စက်တွေ ပျက်စီးသွားပြီး အဆောက်အဦရဲ့ အမိုးပြိုကျတာနဲ့ အတွင်းပိုင်းတွေ မီးလောင်ဆုံးရှုံးသွားပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးမှုတန်ဖိုးကို စုံစမ်းတွက်ချက်နေတယ်လို့ သိရပြီး မီးလောင်မှုကြောင့် အရပ်သားနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။