တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတဝိုက်မှာ မေ ၁၇ ရက် မနက်က ဒေသခံနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းနင်းမိသူနှစ်ဦးဟာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ကိုလင်းနဲ့ အမည်မသိ အမျိုးသားတဦးတို့ ဖြစ်ပြီး တန်းရှင်းရွာသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
“မိုင်းက တော်လှန်ရေးသမားတွေဘက်က ထောင်ထားတာပါ။ ဒီနယ်မြေဟာ ကန့်သတ်နယ်မြေပါ” လို့ ပုလောမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။
မိုင်းပေါက်ကွဲသံကို ပလမြို့ပေါ်ကနေ ကြားရပြီးတဲ့နောက် စစ်ကောင်စီရဲ့ ပလရဲစခန်းကနေ ကဒဲဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်သေးတယ်လို့ ပလမြို့ခံတွေက ပြောပါတယ်။
“ကိုလင်းကတော့ တကိုယ်လုံးနီးပါး ယမ်းစင်သွားတယ်။ တယောက်ကတော့ ခြေတဖက် ထိသွားတယ်။ ဖြတ်ရလောက်အောင်တော့ မဟုတ်ဘူး။ သူတို့ကို လွတ်မြောက်နယ်မြေမှာ ဆေးကုသမှု ပေးနေပါတယ်” လို့ ပုလောမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်က ပုလောမြို့ထဲရှိ နန်းတောင်ရွာ ဘုန်းကြီးကျောင်းအနီးမှာ နန်းတောင်ရွာသားတဦးလည်း စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။