ပဲခူးတိုင်း၊ တောင်ငူမြို့အကျဉ်းထောင်မှာ မေ ၁၈ ရက် ညနေ ၃ နာရီလောက်က အကျဉ်းထောင်လုံခြုံရေးတွေဆီကနေ သေနတ်လု ထွက်ပြေးလာတဲ့ အကျဉ်းသား ၉ ယောက်လုံး လွတ်မြောက်နယ်မြေကို လုံခြုံစွာရောက်ရှိနေပြီလို့ ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူတယောက်က ပြောပါတယ်။
အကျဥ်းထောင်ထဲကနေ ရုံးထုတ်ဖို့ခေါ်လာချိန်မှာ ထောင်လုံခြုံရေးတွေဆီက သေနတ်လုပြီး အပြန်အလှန်ပစ်ခတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး ပဲခူးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဟုတ်ပါတယ်။ ပဲခူးတိုင်းအတွင်းက PDF တွေက ဆင်းကြိုပေးတာ။ အခုလွတ်မြောက်လာတဲ့လူတွေက PDF ရဲဘော်ဟောင်းတွေလည်း ပါတယ်။ မတရားပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးခံထားရတဲ့ ထောက်ပို့တွေနဲ့ ယူဂျီတွေလည်း ပါတယ်။ အခုတော့ အားလုံး ဘေးကင်းလုံခြုံတဲ့ နေရာရောက်နေပြီ။ အခြေအနေအသေးစိတ်တော့ သူတို့ကို မမေးရသေးဘူး၊ လောလောဆယ် အနားယူခိုင်းထားတယ်။”
အကျဉ်းထောင်ပစ်ခတ်မှုအတွင်း အကျဉ်းသား ၁၀ ဦးထဲက ၁ ယောက် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သလို စစ်ကောင်စီဘက်က အကျဉ်းထောင်လုံခြုံရေးယူနေတဲ့ ပညာရေး (၅) က စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်မောင်မျိုး သေဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီး ကျော်မြင့် ဒဏ်ရာရရှိခဲ့သလို သေနတ်အတို ၁ လက်၊ အရှည် ၃ လက် ရယူသွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတ ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) အမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားသုံးဦး ထွက်ပြေးလွတ်မြောက်သွားပြီး အမျိုးသမီးတဦး အပါအဝင် ကျန်ခုနစ်ဦးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။