ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့် - မြစ်ကြီးနားလမ်းမပေါ်မှာရှိတဲ့ နန့်ယာကျေးရွာက ရွာသားတွေကို စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင် ပေါ်တာအဖြစ် အဓမ္မခိုင်းစေပြီးနောက် မေလ ၁၈ ရက် ညနေပိုင်းမှာ အားလုံးပြန်လည်လွတ်မြောက်လာပြီး နေအိမ်တွေကို ပြန်လည်ရောက်ရှိလာပါတယ်။
နန့်ယာကျေးရွာက ဒေသခံတစ်ဦးက “လွတ်တာတော့ အားလုံးပြန်လွတ်လာပြီး။ မနက်ပိုင်းက အမျိုးသမီးနဲ့ ကလေးငယ်ပါတာတွေ လွတ်လာတယ်။ ညနေပိုင်းလောက်တော့ အမျိုးသားတွေကော ပြန်လွတ်လာတယ်။ အားလုံးပြန်ရောက်လာကြပြီ၊ သူတို့(စကစ) ကားတွေ ပြန်စီစဉ်ပေးပြီး ပြန်ခိုင်းလိုက်တာတဲ့” လို့ ပြောပါတယ်။
မေလ ၁၇ ရက် မနက်အစောပိုင်းက ကားမိုင်းမြို့ကို စစ်ကြောင်းနဲ့ သွားတဲ့အချိန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူအားလုံး အယောက် ၂၀ မှာ နန့်ယာကျေးရွာက ၁၆ ယောက်နဲ့ အသက် ၃ နှစ်နဲ့ ၄ နှစ် အရွယ်ကလေးငယ်နှစ်ယောက် ပါဝင်ပြီး ကျန်တဲ့ ၄ ယောက်ကတော့ ကားမိုင်းမရောက်ခင် ရေကာတာက ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။
ကားမိုင်းကိုပြန်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှာကိုစိုးရိမ်တာကြောင့် ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ပေါ်တာအနေနဲ့လည်း ဖမ်းသွားတာလို့ နန့်ယာကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါ်တာအထမ်းခေါ်သလိုပေါ့ အမျိုးသားတွေကိုတော့ သူတို့မှာပါတဲ့ ခြင်းတောင်းတွေ ထမ်းခိုင်းတာတဲ့။ လမ်းတလျှောက်လုံး ထမ်းခိုင်တယ်လို့ ပြောတယ်၊ အမျိုးသမီးတွေကိုတော့ ဒီအတိုင်း ခေါ်သွားကြတာ၊ အမျိုးသမီးတွေကိုတော့ လမ်းမှာ တိုက်ခိုက်တာမခံရအောင် ဒိုင်းကာအနေနဲ့ခေါ်တာပေါ့၊ အမျိုးသမီးတွေကိုတော့ မထမ်းခိုင်းဘူးလို့ပြောတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်သားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထမ်းသယ်ခိုင်းပေမဲ့ လုပ်အားခအနေနဲ့ ငွေကြေးပေးဆောင်တာ မရှိဘူးလို့သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၁၇ ရက်မနက်က အိမ်တံခါးတွေ ကိုအင်အားသုံဖွင့်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ မနက် ၆ နာရီဝန်းကျင်လောက်မှာ ကားမိုင်းကို ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နန့်ယာကျေးရွာက ပြည်သူတွေကို စစ်ကောင်စီ စစ်ကြောင်းတွေက လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ကားမိုင်းကို သွားတဲ့ အချိန် ပြည်သူ ၁၅ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။