ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရဲကင်းစခန်း မေ ၁၇ ရက် ညက မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “ဖျက်ဆီးခံထားရတဲ့ ဆိပ်မူရဲကင်းစခန်းကို စစ်တပ်က ပြန်အသုံးပြုဖို့ လုပ်နေတာကြောင့် မိုင်းခွဲဖျက်ဆီးခံရတာ၊ စခန်းက လူမရှိဘူး၊ ထွက်ပြေးသွားကြပြီ၊ စစ်တပ်က ပြန်နေဖို့ လုပ်လာတာကြောင့် ဖောက်ခွဲတာနေမှာ” လို့ ပြောပါတယ်။
မိုင်းခွဲဖျက်ဆီးတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။ KIA ဘက်က ပြုလုပ်တယ်လို့ ဒေသခံတွေကပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မေ ၁၂ ရက်ကလည်း ဆိပ်မူရဲကင်းစခန်းနဲ့ ကားတွေကို KIA၊ PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြခဲ့ပါတယ်။