စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ မေ ၁၇ ရက် မနက်က ဟင်းသီးဟင်းရွက်ခူးတဲ့ အမျိုးသမီးနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မံအင်-မင်းကုန်းကျေးရွာမှာ တောထဲဝင်ရောက်ပြီး ဟင်းသီးဟင်းရွက်ခူးဆဲ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“မိုင်းနင်းမိတဲ့ နှစ်ယောက်က အသက် ၆၀ ဝန်းကျင် အမျိုးသမီးတွေ။ မနက် ၁၀ နာရီလောက် ဟင်းရွက်ခူးဖို့ တောထဲဝင်သွားတာ။ မကြာဘူး မိုင်းပေါက်ကွဲသံ ကြားရတော့တာပဲ။ တယောက်ကတော့ ပွဲချင်းပြီးသေတယ်။ တယောက်ကတော့ ဆေးကုရင်းဆုံးတယ်” လို့ ပြောပါတယ်။
အသက် ၆၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဒေါ်တင်မြနဲ့ ဒေါ်သိန်းကြည်တို့နှစ်ဦး ဟင်းရွက်ခူးစဉ် မိုင်းနင်းမိတဲ့အတွက် ဒေါ်သိန်းကြည်ဟာ အခင်းဖြစ်ရာနေရာမှာပဲ မိုင်းထိမှန်သေဆုံးခဲ့တာပါ။
မိုင်းနင်းမိတဲ့ ဒေါ်တင်မြကတော့ ခြေထောက်ပြတ်သွားတဲ့အတွက် ဆေးကုသစဉ် မေ ၁၈ ရက် မနက်ပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ် ပင်ဟင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် ဆိုင်ကယ်မောင်းပြီး စစ်ဘေးရှောင်တဲ့ အမျိုးသားတဦး ကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။