ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ စစ်တပ်ပိုင် အောင်ဆန်းသူရိယလှသောင်းကျောင်း အနီးမှာ မေ ၁၈ ရက် ဒီနေ့မနက်က ဗုံးတွေ့ပြီး စစ်တပ်က စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ စျေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ အောင်ဆန်းသူရိယကျောင်းအနီးက လူကူးခုံးကျော်တံတားဘေးမှာ ဒီနေ့မနက် ၁၀ နာရီခွဲက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကို တွေ့ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးတွေ့လို့ဆိုပြီး တက္ကစီတွေရော အိမ်စီးကားတွေပါ စစ်တာ၊ အဲ့ဒီဗုံးကို ပြည်လမ်းပေါ်မှာပဲ စစ်တပ်က ဖောက်ခွဲပစ်လိုက်တယ်။”
လူကူးခုံးတံတားအောက်မှာ တွေ့ရှိခဲ့တဲ့ လက်လုပ်ဗုံးကို စစ်ကောင်စီတပ်က ၁၂ နာရီဝန်းကျင်မှာ ရန်ကုန်-ပြည်လမ်းပေါ်မှာ အတားအဆီးတွေ ပြုလုပ်ပြီး ဖောက်ခွဲလိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်နဲ့ ၁၆ ရက်ကလည်း စမ်းချောင်းမြို့နယ်နဲ့ ရွှေပေါက်ကံမြို့မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၈ လုံး တွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ရပ်ကွက်နေသူတချို့ကို စစ်ဆေးခဲ့ပါတယ်။