ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံးမှာ အဝေးထိန်းဗုံး ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ခဲ့ပြီး တခြားနေရာတွေမှာ လည်း မပေါက်ကွဲသေးတဲ့ ဗုံး ၂လုံးထပ်မံ တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် မနက် ၄ နာရီကျော်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“တနေရာတည်း ၄ လုံးကွဲတာ။ ကွဲတာက အတော်ပြင်းတယ်၊ အသံကလည်း အကျယ်ကြီး အိမ်တွေပါတုန်တယ်။ အထိအခိုက်မသိရဘူး။ အသင်းတွေကိုလည်း မခေါ်ဘူး။ အရပ်သားတွေ ဝင်ခွင့်မရဘူး။ ရုံးတောင် ပိတ်ထားတယ်။ နေရာအနှံကို စစ်နေတာ အပြင်ထွက်တဲ့သူကို မရှိဘူး။ စစ်ကားတွေတော့ ရုံးထဲဝင်လိုက်ထွက်လိုက်ပဲ။”
ကညနရုံး အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခံရပြီး နေရာစုံမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေကာ မူယာပင်ရပ်ကွက် မာန်အောင်ပေါက်လမ်းအနီးမှာလည်း မပေါက်ကွဲသေးတဲ့ နောက်ထက် ဗုံး ၂ လုံး တွေ့ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်မှစလို့ အဲ့ဒီ ကညနရုံးမှာ စစ်ကောင်စီတပ်က နေရာ ယူထားပြီး ရုံးအတွင်းပိုင်းမှာ အဆောက်အဦဆောက်လုပ်နေထိုင်ကာ လုံခြုံရေး မျှော်စင်တွေနဲ့ ခြံစည်းရိုး အုတ်တံတိုင်းကိုလည်း သံစူးကြိုးတွေနဲ့ ကာရံထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်ကလည်း စည်ပင်ရုံးနဲ့ ရဲရိပ်သာရုံးတွေကို ပြည်ခရိုင်တပ်ရင်း-၃၆၀၂ တပ်ခွဲ(၁)က အဝေးထိန်းမိုင်နဲ့ တိုက်ခိုက်ခဲ့ပြီး အခုဗုံးခွဲတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။
Photo Cj