ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ် လဝကရုံးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းက ဗုံး ၂ လုံးတွေ့ရှိပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၁၀ ဦးကျော်ကို အပြစ်မဲ့ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သံကြိုးတိုင်ရပ်ကွက်မှာရှိတဲ့ လဝကရုံးမှာ ဗုံးတွေ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ဗုံးကို အသက်မဲ့အောင်ပြုလုပ်ပြီး အဲ့ရပ်ကွက်ထဲက ဒေသခံပြည်သူ ၁၀ ဦးကျော်ကို အပြစ်မဲ့ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးတွေ့တာလည်း သူတို့ ဝန်ထမ်းတွေပဲ တွေ့တာပါ၊ အစောင့်တွေလည်း ရှိတယ် ဝင်ဖို့မလွယ်ဘူးလေ။ အဲ့တာကို ဗုံးတွေ့တော့ ပြည်သူတွေကို စွပ်စွဲဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။
ဗုံးတွေ့ပြီးနောက်တရက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းမှာ အဲ့ဒီရပ်ကွက်ထဲက လူငယ် ၁၀ ဦးကျော်လောက်ကို ထပ်မံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဝါးခယ်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။