ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ မေ ၁၇ ရက် မနက်ပိုင်းက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်တဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယ်။
စရဖဗိုလ်ဟာ ရှုခင်းသာ ကျောက်တောင်အနီး အအေးဆိုင်မှာထိုင်နေစဉ် အမည်မသိ အမျိုးသားလေးဦးက သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စရဖဗိုလ် ဒဏ်ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက် ၈ နာရီလောက်က ရှုခင်သာ ကျောက်တောင်နားက အအေးဆိုင်မှာ ပစ်ခတ်မှု ဖြစ်သွားတာ။ စရဖဗိုလ်က အအေးဆိုင်ထိုင်နေတုန်း ကောင်လေး ၄ ယောက်က လာပစ်သွားတာ။ စရဖ ဗိုလ်ကလည်း ပြန်ပစ်တယ်။ စရဖ ဗိုလ် ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
စရဖ ဗိုလ်သန်းထွန်းဝင်းဟာ အအေးဆိုင်ထိုင်နေစဉ် သေနတ်နဲ့ ပစ်ခတ်ခံရလို့ ပခုံးနဲ့ လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရခဲ့တဲ့အတွက် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးရုံမှာ ဆေးကုသနေကြောင်း အဲဒီဒေသခံက ဆက်ပြောပါတယ်။
စရဖ ဗိုလ် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့ဝင်မြို့ထွက် သွားလာနေကြသူတွေကို တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရပါတယ်။