Home
မြန်မာသတင်း
ကနီမြို့နယ် ချောင်းမရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
DVB
·
May 18, 2023
347787998_1419377345489727_462796849464218146_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို ‌စစ်ကောင်စီတပ်က မေ ၁၇ ရက် နေ့လယ် ၂ နာရီခွဲကျော်မှာ တိုက်လေယာဉ် ၂ စီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို ပစ်ခတ်လို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး  အိမ်တွေ၊ အုတ်တံတိုင်းတွေနဲ့ စာသင်ကျောင်းဆောင်တဆောင် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “အကြောင်းမဲ့ကို လာပစ်တာ။ မြေပြင်မှာ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ တိုက်လေယာဉ်နဲ့ကို လာပစ်တာ။ ပစ်ပစ်ချင်းက မြေကြီးတွေပါ တုန်သွားတယ်။ သူတို့ပစ်တဲ့နေရာနဲ့ လူတွေနဲ့ ဝေးတော့ အထိအခိုက်ကတော့ မရှိခဲ့ဘူး။ အရင်ဆုံး တိုက်လေယာဉ်တစီးနဲ့ လာပစ်တယ်။ ရွာအနောက်ဖျားနဲ့ ကျနော်တို့ ရွာအနောက်ဘက် မှန်တောင်တောရကျောင်းကြားကို ပစ်တာ။ ဘာကြောင့်ပစ်တာလဲဆိုတော့ ကျနော့်အမြင်ကတော့ Location မှားပစ်တာလား မသိဘူး။ ဟိုနေ့ကတော့ ကျနော်တို့ရွာရဲ့ မြောက်ဘက်က မင်းမရွာမှာတော့ တိုက်ပွဲဖြစ်ခဲ့တာတော့ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ချောင်းမရွာကို တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပထမတစီးကတော့ ကျေးရွာနဲ့ အနီးပတ်ဝန်းကျင် နေရာတွေကို နှစ်ပတ်ပတ်ပြီး ပစ်ခတ်ခဲ့ကာ နောက်ဆုံးတစီးကတော့ ချောင်းမရွာနဲ့ မှန်တောင်ဘုရားကြားက တောင်ကုန်း တောင်စောင်း၊ တောတွေထဲကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပြည်သူတဦး ဦးခေါင်းရှပ်ထိဒဏ်ရာ ရရှိပြီး အသက်သေဆုံးတာ မတွေ့ရသေးဘူးလို့ ကူညီကယ်ဆယ်ရေးသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024