Home
မြန်မာသတင်း
မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေသို့ လေကြောင်းလိုင်းများ ပြေးဆွဲမှု ဆက်ပြီးရပ်ထား
DVB
·
May 16, 2023
346993820_6425963590776030_1747809610145448716_n

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်တွေမြို့ကို လေကြောင်းလိုင်းတွေ ပြေးဆွဲမှုကို ဒီနေ့အထိ ရပ်ထားဆဲဖြစ်တယ်လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ရန်ကုန်မှ စစ်တွေ၊ သံတွဲ/ ကျောက်ဖြူကို လေကြောင်းလိုင်းတွေ ပျံသန်းပြေးဆွဲတာကို မေ ၁၃ ရက်ကစပြီး ရပ်နားထားတာဖြစ်ပါတယ်။

လေကြောင်းလိုင်းတွေက လေကြောင်းခရီးစဥ်ကို မေ ၁၅ ရက်အထိ ရပ်နားမယ်ဆိုပြီး အသိပေးကြေညာထားပေမယ့် ဒီနေ့မှာလည်း မပြေးဆွဲနိုင်ခဲ့ဘူးလို့ သိရပါတယ်။

လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တဦးက "၁၈ ရက်နေ့မှာ Air KBZ ပြန်ထွက်မယ်ပြောတယ်။ မနက်ဖြန်ညနေမှာ MAI ထွက်ဖို့ရှိတယ်။ ဒီနေ့ကတော့မရှိဘူး" လို့ ပြောပါတယ်။

မိုခါမုန်တိုင်းဟာ မေ ၁၃ ရက်မှာ စစ်တွေမြို့အနီးကနေဝင်ရောက်သွားခဲ့ပြီး စစ်တွေလေဆိပ်နဲ့ ကျောက်ဖြူလေဆိပ်အဆောက်အဦတချို့ ထိခိုက်ပျက်စီးမူရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အဲဒီဒေသတွေဆီ လေယာဥ်ပြေးဆွဲပါက သံတမန်တွေနဲ့ နိူင်ငံတကာ ကူညီရေးအဖွဲ့တွေက သွားရောက်ဖို့ပြင်ဆင်နေကြတယ်လို့ အဲဒီအသိုက်အဝန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

မုန်တိုင်းအရှိန်ဟာ ပြင်းထန်ခဲ့ပြီး ဒီနေ့အထိ မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အဲဒီမုန်တိုင်းကြောင့် လေကြောင်းလိုင်းတွေအပြင် အဝေးပြေးယာဥ်တွေလည်း မုန်တိုင်းသင့်ရာဒေသတွေဆီ မေ ၁၂ ရက်ညနေကတည်းက ရပ်နားခဲ့ပြီး ဒီနေ့မှာတော့ ပြန်လည်ပြေးဆွဲနေတယ်လို့ ယာဥ်လိုင်းတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024