စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ရှိ ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်က မေ ၇ ရက်ကနေ စတင်ကာ ၁၂ ရက်နေ့အထိ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ အင်အား ၂၀၀ ကျော်နဲ့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ သင်္ဘောတွေနဲ့ မေ ၇ ရက်မှာ ခင်ဦးမြို့နယ်ထဲကို ဝင်ရောက်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ခင်ဦးဒေသခံတဦးက “ရွာထဲဝင်တာနဲ့ကို မီးရှို့တာ။ ဘာတိုက်ပွဲမှလည်း မရှိဘူး။ မီးအရှို့ခံရတဲ့ ရွာတွေက ကဘွတ်ကျေးရွာ အိမ် ၁၅၀၊ ကုတ္တက်ကျေးရွာက အိမ် ၃၀၊ ရုံးပင်ကျေးရွာက အိမ် ၂၄ လုံး၊ သင်ပေါင်းကျေးရွာက ၁၂ အိမ်၊ သရက်ကုန်းကျေးရွာက ၁၂ အိမ်၊ တောင်ဘို့ရကျေးရွာက ၂ အိမ် မီးရှို့ခံရတာ။ ဒုက္ခတော့ရောက်တာပေါ့ဗျာ။ အိမ်တွေ မီးရှို့ခံရတာတကြောင်း မိုခါမုန်တိုင်း ဝင်သွားတာ တကြောင်းဆိုတော့ အတော်လေးကို ခက်ခဲမှုဖြစ်တာပေါ့။ အခုထိ ရွာကလူတွေ ရွာထဲ မဝင်နိုင်သေးဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်ထဲမှာ မိုခါမုန်တိုင်းကြောင့် မေ ၁၄ ရက်က မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ၄၉ ရွာက နွေရာသီ သီးနှံတွေဖြစ်တဲ့ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုတ် အပြင် ဂန္တမာပန်းခင်းတွေ အပါအဝင် စိုက်ဧက ၁၀,၀၀၀ ကျော် ရေနစ်ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။