Home
ဆောင်းပါး
လရောင်များကို မျှ‌ဝေခံစားခြင်း
DVB
·
May 16, 2023
Article 6

(က)

“လရောင်”ကိုခံစားပြီး လရောင်ကို အကြောင်းအရာအမျိုးမျိုး၏ သင်္ကေတအဖြစ်၊ နိမိတ်ပုံအဖြစ် လူတို့ စတင်အသုံးပြုလာခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပြီဖြစ်သနည်း။ မည်သူမျှ အတိအကျ မသိနိုင်ပါ။

ကျောက်ခေတ်လူသားတဦး ကျောက်ဂူအတွင်းမှထွက်ကာ ကျောက်ဂူဝ ကျောက်ဖြာပေါ်တွင် ထိုင်ကာ ထိန်ထိန်သာနေသော လမင်းကို မော့ကြည့်ကာ “လမင်း” ကို ငြိမ်းချမ်းခြင်း၏ နိမိတ်ပုံတခုအဖြစ် ပွားယူကပ်ငြိခံစားကာ ဆွဲဆွဲငင်ငင် သံစဉ်တခုကို ရွတ်ဆိုလိုက်စဉ် လူသား၏ “တေးကဗျာသမိုင်း” ကို စတင်ဖွင့်လှစ်မိသလို ရှိကောင်းရှိခဲ့ပါလိမ့်မည်။

မျိုးနွယ်စုမတူသူများနှင့် တိုက်ခိုက်ရန်လည်းကောင်း၊ အိပ်ငိုက်နေသော သားကောင်များကို လိုက်လံရှာဖွေ သတ်ဖြတ်စားသောက်ရန်လည်းကောင်း၊ ကျောက်ခေတ်လူသားတစု စိတ်ဓာတ်ရေးမြှင့်တင်သော သဘောဖြင့် လရောင်ကိုမော့ကြည့်ကာ စုပေါင်းကခုန်ခြင်း တေးကဗျာဆန်ဆန် သံပြိုင်ရွတ်ဆိုခြင်းဖြင့် “လရောင်” သည် လူသား၏ ဘဝအဝန်းအဝိုင်းတွင် အစိတ်အပိုင်းတခုအဖြစ် ရှိလာခဲ့ပေမည်။ ဤသည်တို့မှာ တက္ကဗေဒဆန်သောအမြင်များ ဖြစ်ကောင်းဖြစ်ပေမည်။ ယုတ္တိဗေဒ၏ ရလဒ်များလည်း ဖြစ်ကောင်းဖြစ်ပေမည်။ ထား​တော့။ ဒါတွေကိုတော့ သမိုင်းဗေဒပညာရှင်များက ကြိုးပမ်းရှာဖွေ ဖော်ထုတ်ကြပါလိမ့်မည်။

(ခ)

၁၉၉၃ ခု၊ မတ်လ ၂ ရက်နေ့။ ထိုင်း-မြန်မာနယ်စပ်၊ ဘားအံမြို့နယ်၊ ကျုံစိန်ကြိုးဝိုင်း။

နဝတစစ်တပ် စစ်ကြောင်းတခုကို တိမ်းရှောင်ရင်း မိဆိုင်းကျောက်တောင်ထိပ်သို့တက်၍ ပုန်းအောင်းအိပ်စက်ခဲ့ရသော ညတည။

မိဆိုင်းတောင်မှာ ကျောက်သားသက်သက်တောင်ဖြစ်သည်။ ယေဘုယျအားဖြင့် မြေပြန့်လွင်ပြင်ဟု ခေါ်ဆိုလို့ရနိုင်သည့် ဒေသတခု၏အလယ်တွင် တောင်မြောက်တန်းလျက် ထီးထီးမတ်မတ်ဖြစ်နေသော တောင်ဖြစ်သည်။ မဲပလိချောင်းနှင့် ဒုံသမိချောင်း နှစ်ခုကြားတွင် ရှိသည်။

ညဉ့်နက်လာတော့ ကျောက်တောင်အစွန်းကို ပွတ်သပ်တိုက်ခတ်လျက်ရှိသည့် လေတိုးသံမှာ တခါတရံ လေကတော့ထိုး၍ တရွှီးရွှီးမြည်လာသည်ဟု ထင်မိသည်။ တောင်ခြေတောစပ် ကွင်းစပ်ဆီမှ သည်အတိုင်း တောအတွင်းလွှတ်ထားသော ကျွဲနွားများ၏ ခလောက်သံသဲ့သဲ့ ကြားရသည်။ တောင်ခြေနှင့် မနီးမဝေး ကရင်ရွာကလေးဆီမှ ခွေးဟောင်သံသဲ့သဲ့ တောင်ထိပ်အထိ လွင့်ပျံလာတတ်၏။ ကျောက်တောင်၏ ခါးလယ်မရှိတရှိနေရာ သစ်ပင်သစ်ကိုင်း ခြုံပုတ်များဆီမှ တောတိရစ္ဆာန်တချို့ အော်မြည်လိုက်သည့်အသံမှာ နားထဲတွင် ဆန်းသစ်နေ၏။ ဇီးကွက်တကောင်၏ အော်မြည်သံ ထွက်ပေါ်လာပြီးသည့် အချိန်တိုင်း ညသည် ပို၍ပို၍ တိတ်ဆိတ်လာလေတော့၏။

ကျနော်သည် ကျောက်တောင်အစွန်း ဖြာတချပ်သာသာ ကျောက်ဖြာတချပ်ပေါ်တွင်ထိုင်ကာ သံလွင်မြစ်ကြီးရှိမည်ထင်ရာဘက် လှမ်းမျှော်ကြည့်လိုက်သည်။ သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ဘော်နော်လေးတောင်ကြီးဘေးတွင် ပုန်းအောင်းငြိမ်သက်လျက်ရှိမည့် တော်လှန်ရေးဌာနချုပ် “မာနယ်ပလော” ကို စိတ်အတွေးနှင့် လိုက်ရှာကြည့်သည်။

မိဆိုင်းတောင်ကြီးအောက် အပြားလိုက် အလျားလိုက် ရှိနေသော တောအုပ်တောတန်းများပေါ်၊ ကရင်ရွာကလေးများပေါ်၊ စမ်းချောင်းများ တောင်ကုန်းများပေါ် မိမိစိတ်အလျင်ကို လေထဲတွင် မျှောလွှတ်ကာ ဝေ့ဝဲကျော်ဖြတ် ရွေ့လျားသွားနေမိ၏။

မိဆိုင်းတောင်အောက် လရောင်ဆမ်းထားသော မြင်ကွင်းကြီးမှာ ကျနော့်စိတ်ကို ဘယ်ကိုမျှ ရုန်းထွက်မသွားနိုင်အောင် အခိုင်အမာ ညှို့ယူဖမ်းစားထားလိုက်ချေပြီ။

ကျနော်သည် ကျောက်တုံး၊ ကျောက်စွန်း၊ သစ်ပင်တောအုပ်နှင့် ကွင်းပြင်များပေါ် သွန်းခတ်ထားသော လရောင်များကိုကြည့်ကာ ဂျပန်ဟိုက္ကူကဗျာတချို့ကို သတိရလာခဲ့၏။ ပါးစပ်က အလိုလို ရွတ်ဆိုမိလျက်သား ဖြစ်သွားရ၏။

အို နွေဦးရဲ့ လမင်းကြီးက

ငါ့ကို

ပတ်ဝန်းကျင်တခွင်လုံး

ညဉ့်လုံးပေါက် လှည့်ပတ်ကြည့်ရှုစေခဲ့ပေ့ါ။

ဟိုက္ကူကဗျာဆရာကြီး “ဗသျှိုး”။ လူတွေရဲ့ နှလုံးသားရှိရာဆီ ခံစားမှုများ ရောက်ရှိသွားရလေအောင် တည့်မတ်စွာ ချိန်ရွယ်ပစ်ခတ်နိုင်စွမ်းရှိသည့် ကဗျာလေးသည်တော်ကြီး “ဗသျှိုး”။

လှေတစီးကို ပုဂ္ဂလိကပိုင်လုပ်၍ ရပါသည်။ အိုးတလုံး ဖျာတချပ်ကို ပုဂ္ဂလိကပိုင်လုပ်၍ ရပါသည်။ လှံတချောင်း၊ ငါးရံ့တကောင်၊ မှန်တချပ်၊ ရာဇပလ္လင်တခု….၊  ထိုနည်းတူစွာပင်တည်း။ သို့သော် “လရောင်” ကိုမူ ပုဂ္ဂလိကပိုင် လုပ်ယူ၍ ရကောင်းသည့်ကိစ္စ မဟုတ်။

ဆင်းရဲသူ ကျေးတောသားတွေအဖို့

လတ်ဆတ်တဲ့ငါး

ဒါမှမဟုတ်

လန်းဆန်းတဲ့ ပန်းတပွင့်

လက်လွတ်ဆုံးရှုံးခဲ့ကြရပေမဲ့

“လရောင်ဝေစု” ကိုမူ မျှယူနိုင်ကြပါလိမ့်မယ်။

ဟိုက္ကူကဗျာဆရာ “ဆေဂါကူ” က ကျေး​ေတာသားတို့ရဲ့ ဆုံးရှုံးမှု နစ်နာမှုအပေါ် လရောင်နှင့် အစားထိုး ဖြေသိမ့်စေခြင်းများလား…။ ဒါကိုပဲ ကဗျာဆရာ “ဆိုအင်” က အခုလို ထပ်ပြီး သတိပေး နှိုးဆော်ခဲ့ပြန်ပါသည်။

ချယ်ရီပန်းရိုင်းပွင့်တွေ

ဟုတ်တယ်

သိပ်လှတဲ့ ပန်းတွေပဲ။

ဒါပေမဲ့

ဒီညအဖို့ရာမှာတော့

“လရောင်” ကို ဘယ်သူမျှလက်မလွတ်ကြစေနဲ့။

ဟိုက္ကူကဗျာလေးတွေထဲက “လရောင်”များ….၊ ကျနော့်နှလုံးသားပေါ်မှ ခြေသံမပေးဘဲ ပြန်လည်ဆုတ်ခွာမသွားမီ ကျောက်ဖြာပေါ်တွင်ပင် ကျနော် အိပ်ပျော်သွားခဲ့၏။

(ဂ)

ကျနော်သည် ဘားအံမြို့နယ်အတွင်း တော်လှန်ရေးတာဝန်အရ လှည့်လည်နေထိုင်စဉ် လရောင်အောက်၌ ညပေါင်းများစွာ အိပ်ပျော်သွားခဲ့ဖူးပါသည်။

တောစပ်တနေရာတွင်လည်းကောင်း၊ ချောင်းဘေး သောင်ခုံတခုပေါ်တွင်လည်းကောင်း၊ တောင်ကုန်းတခုပေါ်တွင်လည်းကောင်း၊ တောအုပ်အလယ် ဝါးရုံပင်ဘေးတွင်လည်းကောင်း၊ ကျောက်တောင်ထိပ်တွင်လည်းကောင်း လရောင်ကို စောင်ခြုံလျက် ညပေါင်းများစွာ လွန်မြောက်ခဲ့ဖူး၏။

လရောင်သည်ကား ကျနော့်နှလုံးသားကို စည်တီးသလို၊ စောင်းငြင်းသလို ဖြစ်စေခဲ့၏။ ထို့ကြောင့် လရောင်နှင့်ပတ်သက်သော ကျနော်၏ရင်ခုန်သံများကို ကျနော့်ကဗျာများထဲ၌လည်း လိုအပ်သလို ထည့်သွင်း​ရေးဖွဲ့​နေခဲ့မိ၏။

“…..လရောင်အကျဉ်းထောင်။ အက်စစ်လရောင်။ လရောင်ကို လက်ချိုးရေကြ။ လရောင်ကို ဖျာခင်း။ လရောင်ဘဏ္ဍာတိုက် သိုက်တူးဖို့ကြိုးစားကြ။ လရောင်ကို ရေချိုး။ လရောင်လျှပ်စီးနဲ့ ဓာတ်မီးတွေသွယ်ကြ။ ခံစားမှုလက်ခုပ်နဲ့ လရောင်ကို ပခြုပ်တွင်း သွင်းထားလိုက်ကြ။ ညရဲ့ လှတန်ဆောင်ဟာ လရောင်အတုံးအခဲတွေ ဝုန်းကနဲ  ဗုံးကြဲသလို ကြဲချခဲ့။ လရောင်တခု မှန်ကွဲတစ။ လရောင်ကို ကောက်သင်းကောက်ခြင်း…”

ကျနော်သည် “လရောင်” ကို မိမိတဦးတည်း အငမ်းမရ လိုက်လံကောက်ယူ ခံစားယုံမျှနှင့် ရပ်မနေချင်ပါ။ ထို့ကြောင့် မိမိ၏ ကဗျာများထဲမှတဆင့် စာဖတ်သူတို့ထံ လရောင်ကို ထပ်မံမျှဝေပေးဖို့ ကြိုးစားခဲ့၏။

ကျနော်သည် လရောင်ကို မိမိ၏ ဘဝအစိတ်အပိုင်းတခုအဖြစ် ယုံကြည်၏။ ထိုမျှနှင့်ရပ်မနေဘဲ လရောင်ကို မိမိ၏ မျိုးနွယ်တူ လူသားအားလုံးထံ လက်ဆင့်ကမ်း ဖြန့်ဝေပေးချင်သေး၏။ ဤသို့ပြုလုပ်ရသည်ကို မိမိဘက်မှ တာဝန်တခုဟုပင် ယူဆ၏။ ကျော်လွှားခြင်း ဖော်စားခြင်းအမှုမှာမူ စာဖတ်သူတို့ဘက်မှ တာဝန်သာ ဖြစ်ပေလိမ့်မည်။

(ဃ)

ကျနော်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားတခွန်းနှင့် ဤဆောင်းပါးအား နိဂုံးချုပ်ပါအံ့။

“…တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေး အစစ်ပဲ…။”

(ဒဂုန်တာရာ၏ ‘အောင်ဆန်း သို့မဟုတ် အရိုင်း’ မှ…။)

လူသားအားလုံး လရောင်များကို မျှဝေခံစားနိုင်ကြပါစေသတည်း။    ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024