အင်အားအလွန်ပြင်းထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် မေလ ၁၄ ရက်နေ့မှာ အပြင်းအထန် ခံလိုက်ရတဲ့ ရခိုင်ပြည်နယ် မြို့တော် စစ်တွေဟာ မြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး ပျက်စီးနေတာကို မြင်တွေ့ရပါတယ်လို့ မြို့ခံတွေကပြောပါတယ်။
မုန်တိုင်းကြောင့် ဒီရေတွေမြင့်တက် ရေကြီးမှုတွေနဲ့ကြုံရသလို၊ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ စစ်တွေ- ကျောက်တော် လမ်းတလျှောက် သစ်ပင်တွေ၊ ဓာတ်တိုင်ပြိုလဲခဲ့ပြီး မြို့ရဲ့ နေရာအတော်များများမှာ တယ်လီဖုန်းဆက်သွယ်ခေါ်ယူဖို့ ခုအချိန်အထိ ခက်ခဲနေဆဲပဲလို့ မြို့ခံတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် အပျက်အစီးတွေနဲ့ လမ်းပေါ်မှာ လဲကျနေတဲ့ သစ်ပင်တွေ၊ ဓါတ်တိုင်တွေကို ပရဟိတအသင်းတွေ၊ မီးသတ်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရှင်းလင်းနေကြပါတယ်။