“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်လို့ အစိမ်းရောင် အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလဌာနက မေလ ၁၅ ရက် မနက် ၇ နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပါတယ်။
မုန်တိုင်းဟာ ကသာမြို့အနီး ရောက်ရှိ နေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့် သတ်မှတ်ကြေညာထားပါတယ်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ပြီးနောက် ကချင်ပြည်နယ်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။
ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။