ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ဒီနေ့ မနက်မှ ညနေအထိ မိုးရွာသွန်းပြီး လေပြင်းတိုက်တာကြောင့် သစ်ပင်ပိကာ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက ပြောပါတယ်။
ဒီနေ့မနက်ခြောက်နာရီမှ ညနေသုံးနာရီအထိ ကန်ကြီးထောင့်၊ ညောင်တုန်း၊ ရေကြည်၊ အိမ်မဲ၊ ကျုံပျော်၊ ဟိုင်းကြီးကျွန်း၊ ဓနုဖွူ၊ ငပုတော၊ ဝါးခယျမ၊ ဟင်္သာတနဲ့ပုသိမ်မြို့နယ်တို့မှာ ပြင်းတိုက်ခတ်ပြီး နေအိမ်အချို့ပြိုလဲပျက်စီးကာ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ငပုတော ဟိုင်းကြီးကျွန်းနဲ့ လပွတ္တာ ကို စောင့်ကြည့်နေရတယ်။ ဒီနေ့တိုက်တဲ့လေကအားပါတယ်။ ရုံးတွေ၊ ကျောင်းတွေပျက်စီးတယ်၊ နေအိမ်ကပြိုတာလည်းရှိတယ်၊ ပျက်စီးတာလည်းရှိတယ်။"
ဒီနေ့ညနေ သုံးနာရီက ဓနုဖြူမြို့နယ် စတုချောင်းလေး၊ သဲဖြူ၊ ရေလဲ၊ ဇလုပ်ကြီး၊ ထိုက္ကလေး၊ ၁၀ ရပ်ကွက်၊ ငနီ၊ လက်ပံဇင်ကုန်း၊ ရေကြည်နဲ့ ကမ်းငူကြီးကျေးရွာတို့မှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၅ လုံးပြိုကျပြီး ၁၃ လုံးပျက်စီးခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဓနုဖြူမှာ ဒီညနေတိုက်တဲ့လေက ကြမ်းတယ်၊ မနက်ကလည်း ကျုံပျော်မှာ တိုက်သွားတာ အိမ်တွေပြိုတယ်။ မနေ့က မိုးကြိုးပစ်တာ တယောက်သေတယ်။"
မေ ၁၃ ရက်နဲ့ ၁၄ ရက်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပြိုကျပျက်စီးမှု သုံးရာနီးပါးရှိပြီး ကျုံပျော်မြို့နယ် ဇီးကုန်းကျေးရွာမှာ အမျိုးသားတဦး မိုးကြိုပစ်ခံရလို့ သေဆုံးခဲ့ပြီး ရေကြည်မြို့နယ် ပုသိမ်-မုံရွာကားလမ်းမှာ သစ်ပင်ပိပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကယ်ဆယ်ရေးတွေ အသင့်ဆင့်လုပ်ထားပေမဲ့ ဘယ်ကစတိုက်မယ်ဆိုတာ ဘယ်သူမှမသိဘူး ဖြစ်တာနဲ့ ပြေးကြတာပဲ။ ဖြစ်တဲ့နေရာကို ဒီလိုလုပ်နေရင်းတောင် နှစ်ယောက်သေတယ်၊ သဘာဝဘေးနဲ့ပါ။"
မနေ့ကလည်း ငပုတော၊ အိမ်မဲ၊ သာပေါင်းနဲ့ ဝါးခယ်မမြို့နယ်တို့မှာ မိုးသည်းထန်စွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပြိုလဲပျက်စီးခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။