ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တစောင်းရိုးကျေးရွာ ဘုန်းကြီးကျောင်းရှေ့မှာ မေ ၁၄ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က မိုခါမုန်တိုင်းတိုက်ခတ်မှု အရှိန်ကြောင့် သစ်ပင်လဲကျကာ သစ်ပင်ပိပြီး ဆိုင်ကယ်ဘေးတွဲ မောင်းသူတယောက် သေဆုံးခဲ့ပါတယ်။
ဒေသခံအမျိုးသမီး တဦးက “ကျမတို့နေတဲ့ အိမ်အရှေ့နားပဲ နေ့လယ် ၁၂ မခွဲခင်က တစောင်းရိုး ဘုန်းကြီးကျောင်းရှေ့မှာ သစ်ပင်ပိပြီး ဆိုင်ကယ်ဘေးတွဲမောင်းတဲ့ အမျိုးသားတဦး သေဆုံးတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ကို တိုက်ခတ်နေတဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် နိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်း လေပြင်းတွေ တိုက်ခတ်နေလို့ သစ်ပင်တွေလဲကျ၊ လူနေအိမ်တွေ ပျက်စီးမှုတွေ ရှိနေတာဖြစ်ပါတယ်။
နိုင်ငံတကာ Global Disaster Alert and Coordination System (GDACS) ကတော့ အင်အားပြင်း ဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံက လူဦးရေ ၂ သန်းအနီးပါး ထိခိုက်နိုင်တယ်လို့ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
GDACS ထုတ်ပြန်ချက်မှာ မိုခါ မုန်တိုင်းဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ တိုင်း ၄ ခုက ပြည်သူတွေ စုစုပေါင်း လူဦးရေ ၁ ဒသမ ၈ သန်း ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ သတိပေးထားပါတယ်။