ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်နေတဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ အရှိန်ကြောင့် ရန်ကုန်မြို့ရဲ့နေရာတချို့မှာ လေပြင်းတိုက်ခတ်မှုတွေ ရှိနေပြီး ပြည်သူ့တချို့က စားသောက်ကုန်တွေ စုဆောင်းနေတာကြောင့် ကုန်စျေးနှုန်း မြင့်တက်လာတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
ရန်ကုန်မြို့ရဲ့နေရာတချို့မှာ ဒီနေ့မနက် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်လို့ အထပ်မြင့် တိုက်ခန်း တချို့ ပြတင်းတံခါးမှန်တွေ ကွဲတာ၊ပြုတ်ကျတာ၊ ၊ ဝါးရံတာက ပန်းအိုးတွေ ပြုတ်ကျတာ၊ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားတွေ လွင့်ထွက်တာတွေ ရှိတယ်လို့ ရန်ကုန်မြို့ခံတွေ က ပြောပါတယ်။
ရန်ကုန်မြို့က ပြည်သူတချို့အနေနဲ့ မုန်တိုင်းမလာခင်ကက စားသောက်ကုန်တွေကို စုဆောင်း ဝယ်ယူတာရှိတဲ့အတွက် စျေးတက်နေတယ်လို့ အင်းစိန်မြို့ကဒေသခံ အိမ်ထောင်ရှင်မ တဦးက ပြောပါတယ်။
"ညက လေကြမ်းတယ်။ မနက်က ခဏတိတ်ပြီး အခု ၁ဝ နာရီလောက်မှာ လေပြန်ကြမ်း လာပါတယ်။ မိုးတော့တိတ်နေတယ်။ စျေးတက်တာ ဟုတ်တယ်။ ဆန်၊ဆီ၊ဆား၊ အာလူး၊ ကြက်သွန်။ မုန်တိုင်းရှိတယ်ဆိုတော့ အခြောက်အခြမ်း လူတိုင်း ဝယ်ကြတာ။ မီးဖိုချောင် သုံး ငြုပ်သီး အတိုအတိုအထွာတွေတော့ ၂ဝဝ ကျပ်လောက် ပိုများသွားတယ်။ ဆန်ဆို အရင်က လေးငါးသောင်း အခု ၁ သိန်း နားကပ်နေပြီ။ ဆီလည်း အတူတူပဲ တပိဿာကို ၃၅ဝဝဝ ဖြစ်နေပြီ”
ကုန်စျေးနှုန်းတက်လာပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ အခြေခံ လုပ်ခလစာ တိုးမြှင့် ပေးတာမျိုး မရှိတဲ့အပြင် အခုလို မုန်တိုင်းကြောင့် စျေးတွေ ထပ်တက်တော့ ပြည်သူတွေ အနေနဲ့ အခက်အခဲကြုံရတယ်လို့ လှိုင်သာယာမြို့မှာနေထိုင်တဲ့ စက်ရုံဝန်ထမ်း တဦးက ပြောပါတယ်။
"စျေးကတော့ အရင်ကထက် ပိုမြင့်လာတယ်၊။ နှင်းဆီဖက်ကြမ်းတောင် တထုပ် ၅၀၀ ကနေ ၆၀၀ ဖြစ်သွားပြီ။ တခြားရော စားသောက်ကုန်ကတော့ တက်တယ်။ အကုန်နှစ်ဆပဲ၊ ကြက်ဥတစ်လုံး အရင်က ၁၅ဝ အခု ၃ဝဝ၊ ကန်စွန်းရွက်တစ်စည်း ၃၀၀ ကနေ ၅ဝဝ၊ အခြေခံလူတန်းစားတွေ ဆိုတော့လည်း မငတ်ရုံတမယ် ရုန်းကြတာပေါ့။ မတတ်နိုင်တော့တဲ့အခါ အတိုးနဲ့ငွေချေးရတယ်။"
လက်ရှိမှာတော့ အင်အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) ဟာ တနာရီ လေတိုက်နှုန်း မိုင် ၁၆၀ နှုန်းနဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ရသေ့တောင်ကြားကို မေလ ၁၄ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် စတင် ဝင်ရောက်တိုက်ခတ်သွားပါတယ်။