ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဟာ တနာရီ လေတိုက်နှုန်း ၁၆၀ မိုင်နှုန်းနဲ့ ဒီကနေ့ မေလ ၁၄ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်မှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ရသေ့တောင်ကြား ဝင်ရောက်ခဲ့ပြီး ကုန်းတွင်း ဝင်နေချိန် နောက်ဆုံး တိုင်းတာချက်အရ လေတိုက်နှုန်း တနာရီ ၁၃၆ မိုင်နှုန်း ကျလာတယ်လို့ မိုးလေဝသ စောင့်ကြည့်သူတွေက ပြောပါတယ်။
မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က “ကုန်းတွင်းကို ဝင်နေချိန်မှာ လေတိုက်နှုန်းက တနာရီ ၁၃၆ မိုင်နှုန်း ကျလာတယ်။ မုန်တိုင်းဒီလှိုင်းက ၃.၁ မီတာ(၁၀ ပေ ကျော်ကျော်)အထိ တက်လာတယ်။ လေပြင်းတိုက်တဲ့ဒဏ်ရယ် ၁၀ ပေကျော် အမြင့်ရှိတဲ့ ရေထုကြီး အရှိန်အဟုန်နဲ့ ဝင်လာမဲ့ဒဏ်ရယ် သဘာဝဘေး ၂ မျိုးရဲ့ဒဏ်ကို ခံရမယ်”လို့ သတိပေး ပြောဆိုပါတယ်။
မုန်တိုင်း တိုက်နေစဉ် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ခိုင်ခန့် ထူထဲတဲ့ အကာအကွယ်တွေ ယူပြီး နေကြဖို့၊ ပြတင်းပေါက်တွေနား မနေကြဖို့နဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို အထူး ဂရုစိုက်ကြဖို့၊ အပြင်လုံးဝ မထွက်ဖို့ သတိပေးထားပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ် မြောက်ဦး၊ မောင်တောနဲ့ တောင်ကုတ်မြို့တွေမှာ မုန်တိုင်းဒီလှိုင်းအန္တရာယ်ကနေ လွတ်ကင်းနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး လေပြင်းအန္တရာယ်ကိုသာ အလေးထား ဂရုစိုက်ကြဖို့ မိုးလေဝသ သုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိ အချိန်မှာတော့ မိုခါ မုန်တိုင်းရဲ့ လေတိုက်နှုန်း ပြင်းတာကြောင့် စစ်တွေမှာရှိတဲ့ အကြီးဆုံး ဆက်သွယ်ရေးတာဝါတိုင် MPT တာဝါတိုင် ပြိုလဲသွားတယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနကလည်း ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ သတိပေးချက်ကို"အညိုရောင်အဆင့်" ကြေညာထားပြီး စိတ်ချတဲ့ အစိမ်းရောင်အဆင့် ရောက်မှ အိမ်ပြင်ထွက်ကြဖို့ သတိပေးထားပါတယ်။