အင်အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) ဟာ တနာရီ လေတိုက်နှုန်း မိုင် ၁၆၀ နှုန်းနဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ ရသေ့တောင်ကြားကို မေလ ၁၄ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် စတင် ဝင်ရောက်နေပြီလို့ သိရပါတယ်။
မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က “မုန်တိုင်းက တနာရီကို မိုင် ၁၆၀ နှုန်းနဲ့ ဝင်နေတယ်။ နောက်တခုက မုန်တိုင်းရဲ့ လေတိုက်နှုန်း ၁၆၀ နှုန်းအထိ မြင့်တက်လာတဲ့အတွက် မုန်တိုင်းဒီလှိုင်းက ပထမမှန်းထားတဲ့ ၇ ပေ၊ ၈ ပေ (၂ မီတာ) မဟုတ်တော့ဘဲ (၃.၈) မီတာ တက်လာတယ်။ ဒါက ၁၀ ပေ ကျော်သွားတယ်။ ၁၀ ပေကျော် ရေထုရဲ့ အလေးချိန် တန်ပေါင်းများစွာ ရှိတာပေါ့။ အဲဒါက ၁ နာရီ မိုင် ၁၆၀ ရဲ့ လှိုင်းလုံးနဲ့ ကမ်းခြေကို ရိုက်မယ့် အခြေအနေ ရှိမယ်”လို့ ပြောပါတယ်။
မုန်တိုင်း ဝင်သွားပြီးရင် လေတိုက်နှုန်း ၁ နာရီ ၁၃၆ မိုင်လောက် ကျသွားနိုင်တယ်လို့ ခန့်မှန်းထားပြီး အဲဒီ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင် ကမ်းရိုးတန်း၊ စစ်တွေရဲ့ မြောက်ဘက် ရသေ့တောင်ကြားကို နဂို ခန့်မှန်းထားတဲ့အတိုင်း ဝင်ရောက်နေတာဖြစ်ပြီး ဒီနေ့ နေ့လယ် သို့မဟုတ် ညနေလောက်မှာ မုန်တိုင်း တခုလုံး ဝင်ပြီးရင် ကုန်တွင်း မုန်တိုင်းအနေနဲ့ ဆက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ ကုန်တွင်းဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်း အနေနဲ့ အရှေ့မြောက်ဘက်ကို ဆက်ရွေ့နိုင်ပြီး ကချင်ပြည်နယ်ထဲမှာ လေဖိအားနည်းရပ်ဝန်း အနေနဲ့ မေလ ၁၅ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အားပျော့ ပျက်ပြယ်သွားမယ်လို့ သိရပါတယ်။
အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ" ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီးနောက် စစ်တွေမြို့က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပုဏ္ဏားကျွန်း ၊ကျောက်တော်နဲ့ မြောက်ဦးမြို့တွေကို မုန်တိုင်းရှောင်ရန်အတွက် ရွေ့ပြောင်းထားကြပါတယ်။