တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မြိတ်ခရိုင် အမှတ်-၁ တပ်ရင်းကနေ အပတ်စဉ် ၇ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်-၁ တပ်ရင်းကနေ ထုတ်ပြန်ထားပါတယ်။
မြိတ်ခရိုင် တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့မှာ လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်းလေ့ကျင့်ဆိုတာ ရှိတယ်။ ကျနော်တို့ဟာ တိုက်ခိုက်တာတခုတည်းနဲ့ မရဘူး။ အနောက်မှာ လေ့ကျင့်နေရမယ်၊ ပြင်ဆင်နေရမယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က စစ်သင်တန်းတွေ ဖွင့်ရတယ်။ အပတ်စဉ် ၇ သင်တန်းဟာ ကျနော်တို့ဖွင့်လာတဲ့ သင်တန်းတလျှောက်မှာ အကြာမြင့်ဆုံးသင်တန်းဖြစ်တယ်။ အရင် အပတ်စဉ် ၆ အထိမှာက သင်တန်းကာလက ၄၅ ရက်ပဲကြာတယ်။ ဒီအပတ်စဉ် ၇ မှာတော့ သင်တန်းကာလ ၃ လ ကြာပါတယ်။ ဒီသင်တန်းမှာ သင်တန်းသားဦးရေကလည်း များတာမို့လို့ ကျနော်တို့က သေချာပြင်ဆင်ပြီး လုပ်ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ကေအန်ယူ၊ ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလောဒေသ ကာကွယ်ရေးအဖွဲ့၊ KPDF နဲ့ ပုလောနယ်မြေထဲမှာရှိတဲ့ တော်လှန်ရေး အင်အားစုအားလုံး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားတာ၊ သစ္စာအဓိဋ္ဌာန်ရွတ်တာ၊ ကတိသစ္စာရေသောက်တာ၊ ဆုရသင်တန်းသားတွေကို ဆုချီးမြှင့်တာ၊ အကြီးအကဲတွေက မိန့်ခွန်းပြောကြားတာတွေပြုလုပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။