မကွေးတိုင်း၊ ဆောမြို့နယ်မှာ မေ ၉ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ခဲ့ပြီး နေအိမ်အဆောက်အဦ ၁၈ လုံးလောက် ထိခိုက်ပျက်စီးကာ အဘွားအိုတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆောမြို့နယ်၊ ကြခတ်ကျေးရွာမှာ မေ ၉ ရက် ညနေ ၄ နာရီကျော်လောက်က အနောက်တောင်ဘက်ကနေ မည်းမှောင်လာပြီး မိုးသက်လေပြင်း ကျရောက်ခဲ့တာကြောင့် နေအိမ်အဆောက်အဦ ၁၈ လုံးလောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကြခတ်ကျေးရွာ ဒေသခံ အမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၃ လုံးလောက် အမိုးလန်တာတွေ၊ ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့ပြီး စာသင်ကျောင်းအဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဇရပ် ၂ ခုနဲ့ဆိုရင် နေအိမ်အဆောက်အဦ ၁၈ လုံးလောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တယောက်တည်းနေတဲ့ အဘွားအိုတယောက်ကတော့ အိမ်မှာနေရင်းနဲ့ တံခါးက လွင့်ပြီး ပြုတ်ကျလို့ မျက်ခွံအပေါ်နားမှာ တလက်မလောက် ကွဲသွားကာ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
လေဘေးသင့်ပြည်သူတွေနဲ့ စာသင်ကျောင်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေကတော့ ထိခိုက်ပျက်စီးမှုမရှိဘဲ လွတ်တဲ့နေရာတွေမှာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အဦတွေကိုတော့ ရွာသူရွာသားတွေ၊ ဆွေမျိုးသားချင်းတွေ ဝိုင်းဝန်းပြီး ပြုပြင်လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။