စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ မြို့လယ်ခေါင်ဖြစ်တဲ့ မြို့လယ်မီးပွိုင့်မှာ မေ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မုံရွာလူငယ်များအစည်းအရုံးက ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကို လုံခြုံရေးတင်းကျပ်တဲ့ကြားကနေ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အလံကိုပါ မီးရှို့ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် “ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်ပါ တရုတ်အစိုးရ” ဆိုတဲ့ ဘန်နာကိုပါ ချိတ်ဆွဲထားခဲ့ကြောင်း သိရပါတယ်။
မုံရွာလူငယ်များအစည်းအရုံး တာဝန်ရှိသူက “တရုတ်အစိုးရအနေနဲ့ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး ပြည်သူကို သတ်ဖြတ်နေတာတွေကို ဆန့်ကျင်တဲ့အတွက် တရုတ်အလံကို မီးရှို့ပြတာပါ။ ပြည်သူတွေအနေနဲ့လည်း လုံးဝသွေးအေးမသွားဘဲ တတ်နိုင်တဲ့ဘက်က ကူကြ လှူကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ တရားဝင် အတူတကွ ရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း တရုတ်အနေနဲ့ အစိုးရချင်းဆက်ဆံရေး (G to G) ကို ဦးစားပေးပြီး ရပ်တည်နေမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးမြှင့်လာမှာဖြစ်ကြောင်း သတိပေး ပြောဆိုထားပါတယ်။