ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မေ ၁၁ ရက် မနက်က ခွာပီးကျေးရွာနဲ့ CDF-ဆဲန်ထန် ဌာနချုပ်တပ်စခန်းကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ CDF-ဆဲန်ထန်ကနေ သိရပါတယ်။
ဟားခါးမြို့နယ် ခွာပီးကျေးရွာနဲ့ CDF-ဆဲန်ထန် ဌာနချုပ်ကို ဒီနေ့ မေ ၁၁ ရက် မနက် ၁၂ နာရီကျော်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ CDF-ဆဲန်ထန်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အခုလက်ရှိအခြေနေမှာတော့ ဖုန်းလိုင်းတွေ အကုန်လုံး ဖြတ်တောက်ခံထားရလို့ ဆက်သွယ်ရေးပိုင်းတွေ တော်တော်လေး ခက်နေတဲ့အတွက် ပျက်စီးဆုံးရှုံးတဲ့ အခြေအနေတွေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြန်ကြားရေးတာဝန်ခံက “အခုသိရသလောက်ကတော့ လူတွေတော့ ထိခိုက်မှုမရှိဘူး။ ဘာလို့လဲဆိုတော့ မေလ ၈ ရက်နေ့ လေကြောင်းတိုက်ခိုက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်လို့ ရွာမှာရော စခန်းမှာရော ဘယ်သူမှမရှိတဲ့အတွက် ထိခိုက်မှုမရှိနိုင်ဘူး။ အခု ကျနော်တို့အထင် စစ်ကောင်စီရဲ့ ဟားခါးဗျူဟာကနေ ဘာလိုချင်လည်း မသိဘူး။ ပြီးတော့ သူတို့မှာ ဘာအစီအစဥ်ရှိတယ်ဆိုတာ အတိအကျ မသိရတဲ့ အနေအထားမလို့ ဟားခါး-မတူပီလမ်းကို မပိတ်ထားဘူးဆိုရင် ပြည်သူတွေ ဒုက္ခရောက်မှာစိုးရိမ်လို့ မေလ ၁၁ ရက်နေ့ကစလို့ ယာယီပိတ်ထားတာဖြစ်ပြီး အခြေအနေအပေါ် မူတည်ပြီး ပြန်လည်အကြောင်းကြားပေးသွားမယ်” လို့ ပြောပါတယ်။
ဟားခါးမြို့နယ်မှာ မေ ၈ ရက် ညနေပိုင်းကလည်း စစ်ကောင်စီက CDF-ဆဲန်ထန်ရဲ့ ကောင်စီရုံးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDF-ဆဲန်ထန်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့ကာ CDF ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ဆဲန်ထန်ကနေ သိရပါတယ်။