ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု တဖန်ပြန်လည်မြင့်တက်လာနေပြီး ကူးစက်မှုအခြေအနေကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးနေပေမဲ့ နေပြည်တော်ဒေသခံအများစုက ကိုဗစ်ရောဂါထက် သဘာဝဘေးကြုံရမှာကို ပိုမိုစိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း ကနေ ပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပြီး အခုမေလ ပထမ ၁၀ ရက်အတွင်းမှာပင် ကူးစက်ခံရသူဦးရေ ၁၃၀၀ နီးပါးခန့်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရသိရပါတယ်။
မေလ ၄ ရက်နေ့ တစ်ရက်ထဲမှာပင် ကူးစက်ခံရသူ ၂၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ နေပြည်တော်မှာတော့ ကိုဗစ်-၁၉ ရောဂါအတွက် အကာအကွယ်ကြိုတင်ပြင်မှုတွေ တွေ့မြင်ရခြင်းမရှိပါဘူး။
ပုဗ္ဗသီရိမြို့နယ်နေသူတစ်ဦးက "တစ်နေ့ဘယ်လောက်ကူးစက်နေတယ်ဆိုတာ သတင်းတွေထဲမှာတော့ ပါနေတာပဲ။ ဒီမှာတော့ ဘယ်သူမှ အဲ့လောက်စိတ်မဝင်စားကြတော့ဘူး။ နေပြည်တော်က သိပ်မကူးခံရတာလည်း ပါမှာပေါ့။ အခုလောလောဆယ် ဦးတို့ကတော့ မုန်တိုင်းသတင်းပဲ စိတ်ဝင်စားနေတာ။ ကိုယ့်ဆီမှာ ဒီလောက်မဖြစ်လာနိုင်ပေမယ့် ဖြစ်လာခဲ့ရင် ဆိုပြီး တွေးပူနေကြတာပေါ့ " လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ နေပြည်တော်အဝင်ဂိတ်တချို့မှာ စစ်ဆေးမှုတွေရှိနေပေမယ့် ဒေသအတွင်းမှာတော့ စည်းကမ်းကန့်သတ်မှုတွေ မရှိသေးသလို လူစည်ကားရာ နေရာတွေနဲ့ ဈေးတွေမှာလည်း Mask တပ်သူနည်းပါးနေတာဖြစ်ပါတယ်။
နေပြည်တော်မှာ သဘာဝဘေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်U လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ အိမ်ခြေ ၂၀၀ ကျော်ပျက်ဆီးဆုံးရှုံးခံ့သလို လူအသေအပျောက်လည်း ရှိခဲ့ပါသေးတယ်။