ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ လမြန်ကျေးရွာမှာ မေ ၈ ရက် နေ့လယ်ပိုင်းက နေအိမ်မှာ ရေတွင်းတူးနေစဉ် တွင်းထဲကို ပြုတ်ကျပြီး သားအဖနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုံးလက်စရေတွင်းကို ပြန်တူးဖော်ရာက သားဖြစ်သူ ရေတွင်းထဲ ပြုတ်ကျစဉ် ဖခင်ဖြစ်သူက ဆင်းဆယ်ရာမှာ တွင်းထဲ ပြုတ်ကျပြီး သားအဖ နှစ်ဦးလုံး အောင်ဆီဂျင်ပြတ် သေဆုံး သွားတာလို့ သိရပါတယ်။
ဒေသခံ တဦးက "ရေတွင်းက အိမ်သုံးရေတွင်း။ ရေခန်းလို့ သားအဖနှစ်ဦး တူးနေတာ။ သားက တွင်းထဲ ကြိုးနဲ့ အရင်ဆင်းတယ်။ ကြိုးပြတ်သွားပြီး ရေတွင်းထဲကျတဲ့ သားကို ဆင်းကယ်ရာကနေ ဖခင်ပါ တွင်းထဲပြုတ်ကျပြီး နှစ်ယောက်စလုံး အောက်ဆီဂျင်ပြတ် သေတာ" လို့ ပြောပါတယ်။ သားအဖနှစ်ဦး ရေတွင်းထဲ ပြုတ်ကျစဉ် မိသားစုနဲ့ အနီးနားဝန်းကျင်က လူမှုကူညီရေးအသင်း တွေကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေ လာရောက် ကယ်ဆယ်ချိန်မှာ သားအဖ နှစ်ဦးစလုံး သေဆုံးနေကြတာပါ။
ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အမျိုးသား တဦးက "လူမှုကယ်ဆယ်ရေးအဖွဲ့က ရောက်လာချိန် သားအဖနှစ်ဦး အသက် မရှိတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့က ပတ်ဝန်းကျင်က သူတွေနဲ့ အလောင်း သယ်ထုတ်ခဲ့ရတယ်”လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ လမြန်ကျေးရွာဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၃၆၆၉ ဦး၊ မ ၄၂၆၁ဦး နေထိုင်တဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။