ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မြောက်ဘက်ကျေးရွာတွေမှာ နှစ်စဥ်ဖြစ်မြဲအတိုင်း ရေကန်နဲ့ ရေအရင်းအမြစ်တွေ ခန်းခြောက်တာကြောင့် ရေအခက်အခဲနဲ့ ကြုံတွေ့နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်မှာ အများအားဖြင့် ကျောက်ဖျာခံတတ်တာမို့ ရေတွင်းတူးဖို့ မလွယ်ဘဲ ရေကန်တွေကိုတူးကာ မိုးရာသီမှာ ရေလှောင်ထားရပါတယ်။
ရေတွေက နွေရာသီအထိ လှောင်ထားနိုင်ပေမဲ့ ရာသီဥတုပူပြင်းမှုကြောင့် ကန်ထဲကရေတွေဟာ နွေမလွန်ခင်မှာပဲ ခန်းခြောက်သွားလေ့ရှိတာမို့ ရခိုင်ပြည်နယ် နေရာအတော်များများက နွေရာသီတိုင်းမှာ ရေအခက်အခဲ ပြဿနာတွေ ရင်ဆိုင်ရကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ရေအခက်အခဲကြုံနေရတဲ့ နေရာတွေကို သွားရောက် ရေလှူဒါန်းတဲ့ မြိုမျိုးဆက်သစ်လူငယ်အဖွဲ့ ဦးဆောင်သူလူငယ်တဦးက “ကိုယ်ထူကိုယ်ထပါပဲ။ အလှူရှင်တွေ ချိတ်ဆက်ရှာဖွေပြီး လှူရတာပါ။ ပုဏ္ဏားကျွန်းမြောက်ဘက်မှာဆို ၁၀ ရွာလောက် ရေခန်းသွားပြီ။ အကြမ်းဖျင်း အိမ်ခြေ ၁,၀၀၀ လောက်ရှိမယ်ထင်ပါတယ်” လို့ ပြောပါတယ်။
၁ ကြိမ်ကို ရေလီတာ ၃,၀၀၀ လှူဒါန်းနိုင်ဖို့ ရေပုံးငှားခ၊ ဓာတ်ဆီဖိုး၊ ကားငှားခ အပါအဝင် ကျပ်တသိန်းကျော်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။
တချို့ကျေးရွာတွေက ရွာရှိလူဦးရေနဲ့ ရေကန်မမျှတတာမျိုးရှိပြီး တချို့ကျေးရွာတွေကတော့ စိမ့်ရေတွင်းရှိတတ်တာမို့ စိမ့်ရေတွင်းကထွက်တဲ့ရေကို မျှဝေသောက်သုံးကြရတဲ့ ရွာတွေလည်း ရှိပါတယ်။