မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆင်းမ်ကတ်တွေ မှတ်ပုံတင်ဖို့ သတိပေးနေရာ မြစ်ကြီးနား MPT ရုံးမှာလည်း မှတ်ပုံတင် ဆောင်ရွက်ပေးနေပေမဲ့ ကချင်မျိုးနွယ်စု နာမည်တွေကို သေချာစိစစ်ဖို့လိုကြောင်း ဖုန်းမှတ်ပုံတင်သွားလုပ်သူတဦးက ပြောပါတယ်။
“MPT4U မှာ ကိုယ်တိုင်လုပ်လို့လည်းမရလို့ ရုံးသွားလုပ်တော့ နာမည်မှားနေတယ်လို့ ပြောတာကို လူများနေလို့လားတော့ မသိဘူး၊ ရှေ့ကိုသွားဖို့ပြောတယ်။ ရှေ့ကောင်တာကျတော့လည်း လုပ်တော့လုပ်ပေးတယ်။ နာမည်စာလုံးပေါင်း ပြောတာကို အတော်ဇယားရှုပ်တဲ့ နာမည်တွေဆိုပြီး ပြောခံရတယ်။”
ဖုန်းမှတ်ပုံတင်တွေစစ်ဆေးဖို့ MPT က စာတိုနဲ့ အကြောင်းကြားသလို ဖုန်းပိတ်သိမ်းခံရမှုတွေ ရှိနေတာကြောင့် သွားလုပ်တဲ့သူတွေ များကြောင်းလည်း ပြောပါတယ်။
အထူးသဖြင့် ကချင်မျိုးနွယ်စု နာမည်တွေက စာလုံးပေါင်းလည်း ခက်သလို သေချာမကြည့်ရင် စာလုံးပေါင်း ထပ်ထပ်မှားတာမို့ ဘဏ်နဲ့ချိတ်ဆက်တဲ့ နေရာမှာလည်း ဖုန်းမှတ်ပုံတင်ထဲက နာမည်နဲ့ စာလုံးပေါင်း မတူတာတွေကြောင့် အခက်အခဲ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
နာမည်စာလုံးပေါင်းအပြင် မှတ်ပုံတင်အမှတ်တွေကို မှားရိုက်ထည့်ပေးလိုက်တာတွေလည်း ရှိတာမို့ ကိုယ်တိုင် ချက်ချင်း သေချာစစ်ဆေးဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။