မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်-ထုံးဘိုလမ်း၊ တောတွင်ကျေးရွာ၊ စိတ်ကျန်းမာရေး ဆေးရုံကြီး၊ ဝန်ထမ်းလိုင်းခန်းမှာ မေလ ၇ ရက် နေ့လယ်ပိုင်းက ဆေးရုံဝန်ထမ်းတဦး မီးစက်မီးခိုးရှူမိပြီး သေဆုံးသွားတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
သေဆုံးသူဟာ စိတ်ကျန်းမာရေးဆေးရုံဝန်ထမ်း အသက် ၅၈ နှစ်အရွယ် သူနာပြုဆရာမတဦး ဖြစ်တယ်လို့ သိရပြီး အဲ့ဒီနေ့ ၁၁ နာရီခွဲလောက်က သေဆုံးနေတာကို လိုင်းခန်းနေသူတွေက တွေ့ခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “ဆေးရုံသူနာပြုဆရာမတယောက် သေဆုံးပါ။ ဧည့်ခန်းမှာပဲ ထိုင်လျက်အနေအထားနဲ့ ဆုံးသွားတာ။ လူကြီးပိုင်းထဲကပဲ။ ပြင်ပဒဏ်ရာတော့ မတွေ့ဘူး။ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ မီးပျက်နေတဲ့အချိန် အခန်းအတွင်း မီးစက်မောင်းထားပြီး အဲယားကွန်း ဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။
မီးစက်ကထွက်တဲ့ မီးခိုးရှူမိတာနဲ့ အခန်းအတွင်း လေလုံနေတာကြောင့် အသက်ရှုကျပ် သေဆုံးသွားတယ်လို့ သိရပြီး စစ်ဆေးချက်အရ ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာမရှိဘူးလို့ သိရပါတယ်။
သေဆုံးသူကို မန္တလေးဆေးရုံကြီး ပို့ဆောင်ထားပြီး လူသေဆုံးမှုအတွက် အမရပူရမြို့နယ် ရဲစခန်းမှာ သေမှုသေခင်းအမှတ် ဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။