ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးမှာ မေ ၆ ရက် မနက်ပိုင်းက ကားလမ်းကူးတဲ့ အမျိုးသမီး တယောက်ကို YBS 61 ဘတ်စ်ကားက တက်ကြိတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
မနက် ၉ နာရီခွဲလောက်က လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းဘက်ကနေ လမ်းတစ်ဖက်ကို ကားလမ်းကူးရာကနေ အင်းစိန်ဘက်ပြန်မယ့် YBS 61 က မီးပွိုင့်ကို ဖြတ်မောင်းလာချိန် ဝင်တိုက်မိတာပါ။
လှည်းတန်း၊ အင်းစိန်လမ်းမပေါ်မှာ လူကူးခုံးကျော်တံတားရှိပေမဲ့ စစ်ကောင်စီဘက်က ဖြတ်သန်းခွင့် ပိတ်ထားတာကြောင့် ယာဉ်ကြောရှုပ်တဲ့ လမ်းမပေါ်မှာ လမ်းဖြတ်ကူး နေကြရပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံက "ကောင်မလေးက လမ်းဖြတ်ကူးရင်းနဲ့ YBS က အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာ၊ သူက ကားအောက်ထဲရောက်သွားပြီး ခါးကြိတ်မိသွားတာ၊ အသက် ၁၈ လောက်ပဲ ရှိမယ်" လို့ ဆိုပါတယ်။
သေဆုံးသူဟာ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်နေအသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သိရပြီး ယာဉ်တိုက်မှုကြောင့် ကားရှေ့ဘီးထဲ ခါးဝင်သွားကာ လည်ဂုတ် ထိခိုက် ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရရှိထားပြီး YBS 61 ယာဉ်မောင်းကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရတဲ့အပြင် ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
YBS 61 ဟာ လှိုင်သာယာမြို့နယ် အနောက်ပိုင်း တက္က သိုလ်ကနေ ဆူးလေအထိ အင်းစိန်လမ်းမကို ဖြတ်သန်းပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပြီး လူသေဆုံးထိခိုက်မှုအ တွက် ယာဉ်လိုင်းဘက်က ဘယ်လို ဆောင်ရွက်ပေးမလဲ မသိရသေးပါဘူး။
၂၀၂၃ ဧပြီ ၃၀ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီးမှာ လမ်းဖြတ်ကူးသူ စက်ရုံဝန်ထမ်းတစ်ဦးကို YBS 92 က ဝင်တိုက်ခဲ့လို့ လူသေဆုံးခဲ့ပါတယ်။