Home
မြန်မာသတင်း
ပခုက္ကူ၊ ပုလော၊ မတူပီနှင့် တကောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
May 6, 2023
344904578_1416998615779234_4488074402800952627_n

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မေ ၄ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

​ပခုက္ကူမြို့နယ် ကန်တော်ရွာနဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ မေ ၄ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီကားတစီးကို မိုင်း ၄ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ညနေ ၅ နာရီလောက်မှာလည်း ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ ၁၂ ဘီး ရိက္ခာကားပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၁၂ ယောက်လောက်ကိုလည်း ကန်တော်နဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ မိုင်း ၄ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၅ ယောက် ထိမှန်ပြီး အဲဒီထဲက ၁ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အလောင်းနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို ကမ္မမြို့မှာ ထားခဲ့ပြီး ကားကတော့ ပခုက္ကူမြို့ဘက်ကို မောင်းသွားတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၁၊ တပ်စိတ်-၁ နဲ့ Black Cobra တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေ ၄ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပုလောဒေသကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက “မနက် ၆ နာရီကနေ ၉ နာရီအထိ နှစ်ဖက် ပစ်ခတ်မှုတကြိမ်ဖြစ်တယ်။ ၁၂ နာရီဝန်းကျင်လောက်မှာ တကြိမ် ပစ်ခတ်မှု ထပ်ဖြစ်တယ်။ စစ်တပ်ကလည်း မနက် ၅ နာရီခွဲလောက်ကနေ မနက် ၁၁ နာရီလောက်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုမှာ ပူရိယက္ခညီနောင်စစ်ကြောင်းနဲ့ KNDO တို့ ပါဝင်တယ်လို့ သိရပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒေသခံ တဦးက “ပုလောကုန်းရွာဟာ အာဏာမသိမ်းခင်ကတည်းက ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံတဲ့သူတွေများပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းဝန်ရံ သူတွေရှိတယ်။ စကစကို မထောက်ခံတဲ့ ရွာသားတွေကတော့ ပုလောကုန်းရွာကနေ ရှောင်ကုန်ကြပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလောကုန်းမှာရှိတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ပြည်သူ့စစ် ခေါင်းဆောင်အိမ်တွေမှာ တပ်စွဲထားပြီး ပုလောကုန်းကျေးရွာက ခေတ်အဆက်ဆက်ပြည်သူ့ စစ်အားကောင်းခဲ့တဲ့ နေရာလည်းဖြစ်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာ မေ ၅ ရက် မနက်ပိုင်းက စစ်ဗျူဟာစခန်း  စီးနင်းတိုက်ခိုက်ခံရပြီး ဗျူဟာမှူးအပါဝင် ၃ ယောက် သေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။

CDF-မတူပီရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက  “မတူပီမြို့နယ်မှာ စစ်ကောင်စီက အခြေစိုက်ထားတဲ့ စခန်းက ၃ ခုရှိတယ်။ အဲဒီထဲက မတူပီ-ဟားခါးလမ်းပေါ်က စစ်ကောင်စီရဲ့ ဗျူဟာစခန်းကို မေ ၅ ရက် မနက် ၄ နာရီလောက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ” လို့  ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ  ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ်၊ ဗိုလ်မှူးအဆင့်ရှိသူ တယောက်နဲ့ ဗျူဟာမှူးရဲ့ ယာဥ်မောင်းတပ်သား တယောက်သေဆုံးခဲ့ပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း တကောင်းမြို့၊ ဆူးတောရွာက နေအိမ်တွေကို စစ်တပ်က ဝင်ရောက်မီးရှို့နေချိန် မေ ၅ ရက် မနက် ၈ နာရီက တကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့သတင်းပြန်ကြားရေးက ပြောပါတယ်။ 

တကောင်းပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံမာမီက  "ကျနော်တို့က အရင်လက်ဦးအောင် ပစ်ခတ်ခဲ့တာပါ။ သူတို့က ရွာထဲက နေအိမ်တွေ မီးရှို့နေချိန် အငိုက်ဝင်ပစ်ခဲ့တာ။ သူတို့ ၅ မိနစ် လောက် ကျနော်တို့ကို ပြန်မပစ်နိုင်ခဲ့ဘူး" လို့ ပြောပါတယ်။ 

ဆူးတောရွာကို မီးရှို့နေတဲ့ စစ်သားတွေနဲ့ ၁ နာရီလောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်က မီးရှို့ခဲ့တာကြောင့် ဆူးတောရွာက နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားတွေ တိမ်းရှောင်နေရတယ်လို့  ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024