ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်ထိုက် မေ ၅ ရက် ညပိုင်းက ကုန်းကြီးကျေးရွာနေအိမ်ကို ပြန်လာချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတ-နတ်မှော်ကားလမ်းအတိုင်း ကုန်းကြီးကျေးရွာနေအိမ်သို့ ဆိုင်ကယ်နဲ့ ပြန်လာစဉ် ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးနားတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်။
ဒေသခံတဦးက "သေနတ်သံ ကြားလိုက်တယ်။ ဘယ်သူ ပစ်ခံရမှန်း မသိဘူး။ ကြားတာ စရဖက အောင်ထိုက်ဆိုပြီး ကြားတယ်။ အခုည သူတို့ လမ်းပိတ်စစ်တာတွေ လုပ်နေတယ်"လို့ ဆိုပါတယ်။
စစ်ဖက်ရေးရာလုံခြုံရေးတာ၀န်ခံ တပ်ကြပ်ကြီး အောင်ထိုက်ဟာ သေနတ်နဲ့ ၅ ချက် ပစ်ခံရပြီး နားထင် ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
မေ ၄ ရက် ည ၈ နာရီကလည်း ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာ၊ ရွာလယ်သင်္ဘော ဆိပ်ခံတံတားရှိ ခလရ (၂၇) လက်အောက်ခံကင်းစခန်းတွင် ကင်းစောင့်နေတဲ့ တပ်ကြပ်ကြီး အေးမြင့်ကို ဘိုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ Irrawaddy Black Shark UG အဖွဲ့ တို့ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ဧရာ၀တီတိုင်း မြန်အောင်နဲ့ မော်ကျွန်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။