ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ မေ ၅ ရက်ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေကျိုးကျပြီး လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံ ဘာသာရေးခေါင်းဆောင်တစ်ဦးက "မိသားစုနေခဲ့တဲ့ အိမ်ဟောင်းပြိုကျပျက်စီးသွားတယ်။ လေက မကြုံစဖူးကြမ်းတာကြောင့် သစ်ပင်တွေလည်း ကျိုးကျတာတွေလည်းရှိတယ်"လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူမရှိပေမဲ့ သစ်ပင်တွေကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်ခဲ့လို့ မီးသတ်တပ်ဖွဲ့တွေက သွားရောက် ရှင်းလင်းခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။ တနိုင်းမြို့ဟာ လီဒိုလမ်းမကြီးပေါ်မှာတည်ရှိပြီး ရွှေနဲ့ ပယင်းတူးဖော်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ မြို့လေးလည်းဖြစ်ပါတယ်။