စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ပိတ်ခယားရွာကို စစ်ကောင်စီက မေ ၄ ရက် နေ့လယ် ၁ နာရီ ၄၀ မိနစ်လောက်မှာ လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါလေယာဉ်ဟာ တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ကလေးမြို့ကနေ လာရောက်ဗုံးချ တိုက်ခိုက်ကာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံရွာသားတဦးက “မြေပြင်ကတော့ ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ကို လာပစ်တာပါ။ ဗုံးသုံးလုံးချတယ်။ ရွာစာသင်ကျောင်းအနီး ဘောလုံးကွင်းဘေး ၂ လုံး၊ စာသင်ကျောင်းအနီး ၁ လုံး စုစုပေါင်း ၃ လုံးကျတာ။ နွားတွေရော၊ အိမ်တွေရော ပျက်စီးသေဆုံးတာတွေရှိတယ်။ အပျက်အစီး အသေးစိတ်ကတော့ အရေးပေါ်ဆိုတော့ စာရင်းအတိအကျ မပြုစုရသေးဘူး။ လူကတော့ ၄ နှစ် ကလေးငယ် ၁ ဦး၊ အသက် ၅၀ ကျော် အဘွားအို ၂ ဦး၊ အဘိုးအို ၁ ဦး သေတယ်။ ဒဏ်ရာရတာလည်း ၅ ဦးအထက်မှာ ရှိတယ်ဗျ။ သွေးရူးသွေးတန်းနဲ့ ကြောက်လန့်ပြီး ရွာအပြင် ထွက်ပြေးကြတယ်ဆိုတော့ အခု အသေးစားဒဏ်ရာရသူတွေလည်း ရှိနေသေးတယ်။ ဒဏ်ရာအပြင်းအထန်ရသူကတော့ လတ်တလော ၅ ဦးရှိတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ၄ နှစ်အရွယ် မောင်သက်နိုင်လင်း၊ အသက် ၅၀ အရွယ် ဒေါ်အုန်းစိန်၊ ဒေါ်မြဝင်းနဲ့ ဦးသန်းဆွေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ပိတ်ခယားကျေးရွာဟာ အိမ်ခြေ ၁၂၀ ရှိပြီး စစ်ကောင်စီက အခုလိုပစ်ခတ်တာကြောင့် ဒေသခံရွာသားတွေ ကြောက်လန့်ပြီး ရွာအတွင်းမနေရဲတော့ဘဲ တောတောင်တွေထဲ ထွက်ပြေးနေကြကြတယ်လို့ သိရပါတယ်။