ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ ဝက်ကျိန်း မြိုတိုင်းရင်းသားကျေးရွာက ၄ နှစ်အရွယ် ကလေးငယ်တဦး စစ်ကြွင်း လက်ပစ်ဗုံးကွဲပြီး မေလ ၃ ရက် ညနေ ၄ နာရီလောက်မှာ သေဆုံးသွားပါတယ်။
မောင်တောကိုရောက်ရှိနေတဲ့ မြိုအမျိုးသမီးလူငယ်တဦးက “အဲ့မှာက စစ်တပ်နဲ့ အေအေ စစ်ဖြစ်ကြသေးတယ်လေ။ လယ်ထဲသွားရင်း ကလေးအမေကတွေ့လို့ ကောက်ခဲ့တာ။ ကလေးက အဲဒါကို ခေါက်ကစားနေချိန်မှာ ထပေါက်ကွဲတယ်လို့ပြောတယ်” လို့ ပြောပါတယ်။
မြိုတိုင်းရင်းသား လူမျိုးတွေဟာ တောတောင်ကို အဓိက အမှီပြု အသက်မွေးဝမ်းကျောင်း နေထိုင်ကြသူတွေဖြစ်ကြပြီး စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်အကြောင်းကို သေချာစွာမသိလို့ ပေါက်ကွဲနိုင်မှန်းမသိဘဲ ယူလာတာလို့ ပြောပါတယ်။
၂၀၂၂ နိုဝင်ဘာ ၂၆ ရက်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား အပစ်ရပ် သဘောတူခဲ့ကြပေမဲ့ စစ်ကြွင်းလက်နက်တွေကိုတော့ ဘယ်အဖွဲ့ကမှ တာဝန်ယူ စစ်ဆေးခဲ့တာမရှိလို့ မပေါက်ကွဲခဲ့တဲ့ လက်ပစ်ဗုံးတလုံးကြောင့် အပြစ်မဲ့ ကလေးငယ်တဦး အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။
အပစ်ရပ်သဘောတူညီမှုမယူခင် ၁၀ ရက်အလို ၂၀၂၂ နိုဝင်ဘာ ၁၆ ရက်တုန်းကလည်း ဂြစ်ချောင်းမြိုရွာမှာ လက်နက်ကြီးကျရောက်လို့ လူ ၁၂ ဦး သေဆုံးပြီး ၂၃ ယောက် အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ဒီဇင်ဘာ ၃ ရက်ကလည်း ဝက်ကျိန်းဘုရားလမ်းဘက် တောထဲသွားတဲ့ ၁၈ နှစ်အရွယ် လူငယ်တယောာက် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဘယ်ဘက်ခြေထောက် ဖြတ်ခဲ့ရပါတယ်။