ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာ ညောင်ပင်ကုန်းအတက်အနီးမှာ သတ်ဖြတ်ခံထားရတဲ့ အသက် ၂၀ အရွယ်ခန့် အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မေလ ၅ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကောင်လေးတွေကြည့်တော့ အသက် ၂၀ အရွယ်လောက်ပဲ။ သတ်ပြီးမှ လာပစ်ထားတာလား။ ဒီမှာ ဖြတ်သွားဖြတ်လာကို သတ်လိုက်တာလားတော့ မသိဘူး။ ညတုန်းကတော့ သေနတ်သံတွေ အများကြီးကြားတယ်။”
သေဆုံးသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘဲ အလောင်းတွေကိုတော့ ဖားကန့်မြို့ နာရေးကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“သေတဲ့သူတွေက ဘယ်သူတွေလဲ မသိသေးဘူး။ နာရေးကူညီရေးအသင်းက လာသယ်သွားတာပဲ။ ဖားကန့်ရင်ခွဲရုံကို ပို့လိုက်တယ်။ အခုလို ဘယ်သူကသတ်လိုက်လို့ ဘယ်လိုတွေဖြစ်တာလဲ မသိတော့ အခုက တော်တော်ကြောက်စရာကောင်းနေပြီ။ အဖမ်းခံရမှာကြောက်ရ၊ အသတ်ခံရမှာ ကြောက်ရနဲ့။”
သေဆုံးသူနှစ်ဦးမှာ တဦးက ဦးခေါင်းချိုင့်ဝင်ဒဏ်ရာနဲ့ နောက်တဦးက ဘယ်ဘက်ရင်အုပ်နဲ့ လည်ပင်းကြားမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက သတ်ဖြတ်ခံရသူ ၁၂ ဦးထက်မနည်းရှိခဲ့ပြီး မေလ ၁ ရက်ကလည်း ဦးခေါင်းနဲ့ ရင်အုပ်တွေမှာ သေနတ်ဒဏ်ရာတွေ၊ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦး ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့တာပါ။
မေလ ၃ ရက် ညကလည်း ဖားကန့် မှော်ဝှမ်းရပ်ကွက်က နေအိမ်တခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အိမ်စီးကားတစီးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။